ကင်းလှည့်ရဲ အဖွဲ့ မိုင်းခွဲ တိုက်ခိုက်ခံရ၊ သေဆုံးမှုရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်။

မကွေးတိုင်း၊ စလင်းမြို့အနီးတွင် စစ်ကောင်စီ၏ လှည့်ကင်းရဲအဖွဲ့ကို မကွေး ပြည်သူ့တပ်မတော် အနောက်ပိုင်းတိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားသည်ဟု သိရသည်။

မေလ ၁ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က စလင်းမြို့ ဝက်သဲကန်အနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုမှာ မကွေး ပြည်သူ့ တပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့၊ တိုက်တိုင်း အောင် စစ်ဆင်ရေး – ၂ ၏ ဒုတိယအကြိမ် တိုက်ခိုက်မှု ဖြစ်သည် ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

“သူတို့ရဲ့ ပုံမှန်လှည့်ကင်းကို တိုက်ခိုက်ခဲ့တာတာပါ။ အတွင်းသတင်းပေး ပြန်ပြောချက်အရ နေရာတင် ၆ ဦး သေ တာမှန်တယ်လို့ သိရပါတယ်” ဟု တော်လှန်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။

C4 ခေါ် ယမ်းပျော့ အပြင်းစားဖြင့် ပြုလုပ်ထားသည့် အဝေးထိန်း စနစ်အသုံးပြုကာ ဆိုင်ကယ် ၅ စီး၊ လူ ၉ ယောက်ပါ လှည့် ကင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အနောက်ပိုင်းတိုင်း က ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဒေသ များတွင် အထူးစစ်ဆင်ရေးများ လုပ်ဆောင်ရန် စတင် အကောင်အထည်ဖော်လျှက်ရှိသည်ဟုလည်း အဆိုပါ အဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုကို တိကျသေချာသော Mission များကို စနစ်တကျ စီမံရေးဆွဲ၍ ကာကွယ်ရေး တပ်မတော်၏ စစ်ဆင်ရေးဒေသကြီး (၃) စလင်းမြို့တွင် တိုက်တိုင်းအောင် စစ်ဆင်ရေး – ၂ ၏ ဒုတိယအကြိမ်မြောက် တိုက်ခိုက် မှုအဖြစ် ဖေါ်ပြထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည်လည်း ပြည်သူနှင့် အမြန်ဆုံး ပူးပေါင်းရန်နှင့် ပြည်သူ့ကာ ကွယ်ရေး တပ်မတော် အနောက်ပိုင်းတိုင်းထံ တစ်ပတ်အတွင်း အမြန်ဆုံး ဆက်သွယ်ပူးပေါင်းရန် နောက်ဆုံး အကြိမ် သတိပေးလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

ယခု မေလ ၁ ရက်နေ့က ပထမအကြိမ်တိုက်ခိုက်မှုသည် စလင်းမြို့ စိုက်ပျိုးရေးဘဏ်ကို ပြည်သူ့အစိုး၏ စိုက် ဘဏ်ချေးငွေများကို ဖိအားပေး အကြွေးဆပ်ခိုင်းနေ၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ ဘဏ်တိုက်ခိုက်ခံရမှုအပြီးတွင် စလင်းမြို့အတွင်း စစ်ကောင်စီ ပူးပေါင်းအဖွဲ့က လမ်းများကို ပိတ်ဆို့ကာ အစစ်အဆေးကြမ်းနေသည် ဟု သိရသည်။