တွံတေးတွင် သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကတည်းက စစ်တပ်အရာရှိများနှင့် အဆက်ဆံရှိပြီး ယခုလက်ရှိ အချိန်ထိ သတင်းပေး လုပ်နေသူ တစ်ဦးကို တွံတေးမြို့ပြ ပြောက်ကြားအဖွဲ့က ပစ်သတ်လိုက်သည်ဟု သိရသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် အတွင်းရှိ မြဂိုကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ ဦးမြဦး ဆိုသူကို မေလ ၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်က မင်းရဲကျော်စွာလမ်းမပေါ်ရှိ နာရီစင်အနီးတွင် ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု တွံ့တေး မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

တွံတေးမြို့ခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက “သေနတ်သံကတော့ ၄ ချက်ကြားလိုက်တယ်။ ခေါင်းပွင့် သွားတယ်လို့ ပြောနေကြတာပဲ။ အပြင်တော့ ထွက်မကြည့်ရဲဘူး။ ဟိုကောင်တွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်) လည်း ကင်းပတ်နေတယ်။ ရွှေဆံတော်လမ်းကိုလည်း ပိတ်ထားတယ်” ဟု ပြောသည်။

စစ်ကောင်စီသတင်းပေး ဦးမြဦး ဆိုသူ ပစ်ခတ်ခံရသည့်နေရာသည် တွံတေးမြို့မရဲစခန်းအနီးတွင် ဖြစ်ပြီး ပစ်ခတ်မှု ကြောင့် ဦးခေါင်းကို ကျည်ထိမှန်ကာ အခင်းဖြစ်ပွားသည့် နေရာမှာပင် သေဆုံးသွားခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ဦးမြဦးသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ ဆန္ဒပြပြည်သူများကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းအပြင် သွေးသောက်အဖွဲ့ ဖွဲ့စည်းရန် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများဖြင့် ပူးပေါင်းကြံစည်နေခြင်းတို့ကြောင့် ယခုကဲ့သို့ ရှင်းလင်းခဲ့ရခြင်း ဖြစ် သည်ဟု တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့က ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

သေဆုံးသူ ဦးမြဦးသည် မ.ဆ.လ လက်ထက်ကတည်းက ယနေ့တိုင် စစ်တပ် ရာထူးကြီးအရာရှိများနှင့် ပူးပေါင်း လုပ်စားနေသူတစ်ဦး ဖြစ်ပြီး တွံ့တေးမြို့ရှိ ရာထူးကြီး စစ်တပ်အသိုင်းအဝိုင်းနှင့်လည်း ပတ်သက်နေသူ ဖြစ်သည် ဟု တွံတေး မြို့ပြပြောက်ကျားအဖွဲ့က ပြောသည်။

ဧပြီလ ၃၀ ရက်နေ့ကလည်း တွံတေးမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကောင်စီခန့် ဝန် ကြီး စောထွန်းအောင်မြင့်၊ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်တို့နှင့် လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ အယ်မူ ကြီး ဆိုသူကိုလည်း တွံတေး မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်ဟု အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ထိုနေ့က သေဆုံးသွားသည့် အယ်မူကြီးသည် DKBA, BGF အဖွဲ့တို့၏ အကူအညီဖြင့် မြို့နယ် ပျူစောထီးအဖွဲ့ ဖွဲ့ စည်း၍ လက်နက် တပ်ဆင်ရန်စီစဉ်ပေးခြင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှု စာသင်ကျောင်းက CDM ဆရာ၊ ဆရာမ များအပေါ် ခြိမ်းခြောက်ဖိအားပေးခြင်း၊ လူငယ်များကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသူဖြစ်သည်ဟု တွံတေးမြို့ပြပြောက်ကျားအဖွဲ့ကဆိုသည်။

ထို့ကြောင့် အဆိုပါ အယ်မူကြီးဆိုသူကိုလည်း တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့အနေဖြင့် ရှင်းလင်းခဲ့ရခြင်း ဖြစ် သည်ဟု သိရသည်။