ဖားကန့်တွင် အရပ်သားနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လုံးခင်း-မှော်ပုံကျေးရွာတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၃ ရက်နေ့ (ယမန်နေ့) ည ၈ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဆောင်းရာသီထမင်းဆိုင်ကို ထိမှန်ကာ ဆိုင်ပိုင်ရှင်ဖြစ်သူနှင့် ထမင်းလာဝယ်သူ တစ်ဦးတို့ ထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်။

သေဆုံးသူ ဆိုင်ပိုင်ရှင် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက “ဘယ်လိုဖြစ်ရလဲဆိုတော့ ဈေးလာဝယ်တဲ့ လူ ကို ဈေးရောင်းပေးရင်းနဲ့ လက်နက်ကြီး ကျခဲ့တယ်တဲ့။ အဲမှာ ပွဲချင်းပြီး ဆုံးသွားတယ်။ ကျနော်တို့ကို အကြောင်း လှမ်းကြားလို့ ကျနော်တို့ ရောက်ခဲ့တော့ အဲဒီမှာ ခြံထဲမှာ နှစ်ယောက်က ပွဲချင်းပြီးဆုံးသွားတယ် အဲလိုမျိုး” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆောင်းရာသီ ထမင်းဆိုင်ပိုင်ရှင် အသက် ၆၃ နှစ်အရွယ် ဦးယုံးကွေ နှင့် ဈေးဝယ်သူ အသက် ၄၅ နှစ် အရွယ် ဦးမောင်တိုး တို့ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးသံ ၄ ချက်ခန့် ကြားရပြီးနောက် လက်နက်ကြီး ကျရောက်ပေါက်ကွဲသောနေရာကို သွားရောက် ကြည့်ရှုခဲ့ကြသော်လည်း လုံခြုံရေးအရ မေလ ၅ ရက်နေ့ (ယနေ့) နံနက်မှ သေဆုံးသူများ၏ ရုပ်အလောင်းများကို ကောက်ယူခဲ့ကြရသည်ဟု ဆန်ခါလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

ဆန်ခါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ကြားတာတော့ သုံးချက် လေးချက်ပေါ့။ ကျနော် တို့ သိတာတော့ ဒီတစ်ချက်ထဲထိတာပေါ့။ ဘေးမှာ ကျတာကတော့ မကွဲတာတွေလည်း ရှိတယ်လို့ပြောတယ်။ တခြားဒဏ်ရာရတဲ့ လူတော့ မရှိဘူးဗျ။ လူသေတာကျတော့ ၂ ယောက်တည်းဘဲ။ အဲ့ဒီဆိုင်မှာပဲ တစ်ခါတည်း သေ သွားလိုက်တာပေါ့။ ဘေးမှာရှိတဲ့ လူတွေကတော့ ဖြစ်တဲ့အခါမှာ မပါလိုက်ဘူး။ သူတို့မိသားစုဝင်တွေ အကုန်ရှိ တယ်။ မိသားစုဝင်တွေ ငါးယောက်ရှိတယ်။ အခုဆုံးသွားတဲ့တစ်ယောက်ကတော့ ဈေးလာဝယ်တာပေါ့” ဟု ပြော သည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကို မည်သူမည်ဝါ မည်သည့်နေရာမှ ပစ်ခတ်သည်ကို အတိအကျမသိရှိရသော် လည်း မှော်ပုံကျေးရွာနှင့် တစ်မိုင်ခွဲခန့်အကွာတွင် ရှိနေသည် အကျဉ်းထောင်ဘက်မှ ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုနေကြသည်။

ယခုဖြစ်ပွားခဲ့သည့် လက်နက်ကြီးကျည် ထိမှန်သေဆုံးမှုနှင့်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်ကောင်စီက တစ်စုံတစ်ရာ လာရောက်ကြည့်ရှုခြင်း၊ စစ်ဆေးခြင်း၊ အရေးယူပေးခြင်းများလည်း မရှိဘူးဟု ဖားကန့် ဒေသခံများ နှင့် သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။

ဦးယုံးကွေနှင့် ဆွေမျိုးနီးစပ်သူ အမျိုးသားက “မရှိဘူး။ ယောင်မှားမှလို့တောင်မှ အဲလိုမရှိဘူး။ စစ်တပ်ဘက် က တော့ တစုံတရာမှ အဲလို လာတာဝန်ယူမှုမရှိဘူး။ သူတို့ဘက်ကတော့ လာကူညီတာမျိုးမရှိဘူး။ အန္တရာယ်ပေး ဖို့ပဲ ရှိတယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ဖားကန့်၊ ကံဆီးရှိ စစ်တပ်ကုန်းများမှလည်း နေရာအနှံ့သို့ လက်နက်ကြီးဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိခဲ့ပြီူး ယခု မှော်ပုံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူထိခိုက်သေဆုံးမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ကျေးရွာအတွင်း ယခုကဲ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိလာခြင်းကြောင့် ဖားကန့် ဒေသခံ ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည်ဟု ဆိုကြသည်။

အလားတူ မေလ ၂ ရက်နေ့ကလည်း ဖားကန့်မြို့၊ အေးမြသာယာကျောက်ဝိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ သည့်အပြင် ဧပြီလ ၂၈ ရက်နေ့တွင်လည်း ကံဆီးစစ်ကောင်စီတပ်ကုန်းမှ KIA တပ်ရင်း ၆ ရှိရာဘက်သို့ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်၊ ကချင်လွတ်လပ်ရေး တပ်မ တော် KIA နှင့် Hpakant PDF အဖွဲ့တို့ စစ်ရေးလှုပ်ရှားလျက်ရှိသည်။