စစ်ကောင်စီ ခေါင်းဆောင်ဖိတ်ကြားမှု KIO တက်ရောက်မည်မဟုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ် မေလ ၅ ရက်။

စစ်ကောင်စီက ဖိတ်ခေါ်သည့် ဆွေးနွေးပွဲကို တက်ရောက်မည် မဟုတ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာရုပ်မြင် သံ ကြားမှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကို တွေ့ဆုံဆွေးရန် ဖိတ်ခေါ်ထားသည့်အပေါ် KIO က တုန့်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကျနော်တို့ကို ဆွေးနွေးပွဲလုပ်ဖို့ ဖိတ်ခေါ်နေတာ အဲဒါကျနော်တို့ကတော့ မတက် ဘူး” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်သည့် တွေ့ဆုံဆွေးနွေးပွဲသည် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ပါဝင်ထိုက် ပါဝင်သင့်သူများ အားလုံးမပါပဲ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကိုသာ ရွေး ချယ်ပြီး ဖိတ်ခေါ်သည့်အတွက် မတက်ရောက်ခြင်းဖြစ်သည်ဟု KIO က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုသာ ဖိတ်ခေါ်ပြီး ဆွေးနွေးမည့် ဆွေးနွေးပွဲသည် လက်ရှိ နိုင်ငံ ရေး အခင်းအကျင်းနှင့် ကိုက်ညီမှု မရှိတော့သည့်အတွက် ပါဝင်ထိုက်ပါဝင်သင့်သူ အားလုံးပါဝင်နိုင်မှသာ မြန်မာ နိုင်ငံ၏ ပြဿနာများမှာ ပြေလည်နိုင်မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

၎င်းက “ပြောမယ်ဆိုလို့ရှိရင် NUG တို့ PDF တို့ပေါ့နော။ အဲဒါတွေကို မစဉ်းစားလို့လည်း မရဘူး။ သူတို့အ ကြောင်းလည်း မဆွေးနွေးပဲနဲ့တော့ မရဘူး။ ဟိုလွန်ခဲ့တဲ့ အချိန်ကာလမှာ တော့ ကျနော်တို့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနဲ့ ဆွေးနွေးရင် ရနိုင်တဲ့ အချိန် အခါလည်း လွန်ခဲ့ပြီ။ အဲဒါလည်း အခုတော့ မရှိတော့ပါဘူး။ အဲဒီ အခွင့်အရေးတွေလည်း အခုက တော့ ပြည် တွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေး လုပ်နေတဲ့ အချိန်အခါဖြစ်ပါတယ်။ လက်နက် ကိုင်နေတဲ့ အချိန်အခါ ဖြစ်နေ တယ် ဆိုတော့ အဲဒါကလည်း မပါပဲနဲ့တော့ ဒီမြန်မာနိုင်ငံရဲ့ အရေးကို ဘယ်နည်းနဲ့မှ ဆွေးနွေး လို့ မရဘူး။ အဲဒါ တွေကို ပြောတာပါ” ဟု ပြောသည်။

ထို့အပြင် “နောက်တစ်ခုရှိတာကတော့ တစ်ခြား ပါသင့်ပါထိုက်တဲ့သူဆိုတာ အများကြီး ရှိပါတယ်။ ကျနော်တို့ က တော့ Third Party တွေကိုလည်း ကျနော်တို့ ဖိတ်ခေါ်လေ့ရှိပါတယ်။ အဲဒါလည်း သူတို့နဲ့ ဆွေးနွေးတဲ့ အချိန်အခါ လည်း ရှိခဲ့ပါတယ်။ အခုက ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေကိုပဲ ရွေးပြီးမှ ဆွေးနွေးမယ် ဆိုလို့ရှိရင်တော့ အဲဒီ လောက်နဲ့တော့ အဖြေကောင်းတွေကတော့ ထွက်မလာနိုင်ပါဘူးလို့ ကျနော်က သုံးသပ် တာဖြစ်ပါတယ် ကျနော် တို့က” ဟု ဆက်ပြောသည်။

မေလ ၅ ရက်နေ့ (ယနေ့) တွင် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုကော်မတီ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်စာကို မေလ ၂ ရက်နေ့ ရက်စွဲဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်ကတစ်ဆင့် လက်ခံရရှိခဲ့ကြောင်းနှင့် ဖိတ်ခေါ်စာထဲတွင် ပါဝင်သင့်သူ အားလုံးကို ဖိတ် ခေါ် ထားခြင်း မရှိသည်ကို တွေ့ရှိသည့်အပြင် နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထား မပါရှိသည်ကို တွေ့ရှိရပါသည်ဟု ထည့်သွင်းထားသည်။

ဗိုလ်မှူးကြီးနော်ဘူက “အဓိကကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ဆိုပြီးမှ သူက မိန့်ခွန်းထဲမှာပါတာ ကို အားလုံး ကြားသိရတဲ့ အတိုင်းဖြစ်ပါတယ်။ ဆိုတော့ ဒီလက်နက်ကိုင်တာ ဘာကြောင့်လဲဆိုလို့ရှိရင်တော့ နိုင်ငံ ရေးကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံရေးကိုတော့ ကျနော်တို့ အဖြေရှာပြီးမှ ကျနော်တို့ ဖြေရှင်းရမှာ ဖြစ်ပါ တယ်။ ဆိုတော့ နိုင်ငံရေးဆွေးနွေးဖို့ နိုင်ငံရေး အဖြေရှာဖို့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အရေးအရာတွေကို ဆွေးနွေး အဖြေရှာနိုင်ဖို့တော့ ဒီသဘောထားတွေကို မပါတာကို ကျနော်တို့ တွေ့ရပါတယ်။ ပြောချင်တာကတော့ ဒီလက် နက်ကိုင် ပဋိပက္ခလို့ပြောတာကိုတွေ့ရပါတယ်။ ဆိုတော့ အဲဒါပဲ ဖြေရှင်းပဲနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အရေးက တော့ ဖြေရှင်းလို့တော့ မရဘူးလို့ ကျနော်တို့က သုံးသပ်လိုပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တော်တော်များများက တက်ရောက်ရန်ရှိသည်ဟု ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် စစ် ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ထိုသို့ ပြောဆိုထားသော်လည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့က ဆွေးနွေးပွဲတွင် နိုင်ငံရေးအရ ပါဝင်သင့် ပါဝင်ထိုက်သူများ မပါဝင်သည့်အတွက် ဆွေးနွေးပွဲကို တက်ရောက်မည် မဟုတ်ကြောင်း ပြောဆို ထားကြသည်။