ကရင်တွေနဲ့ PDF အကြား လူမျိုးရေး သွေးထိုးလှုံ့ဆော်တဲ့ သတင်းမှား ဖြန့်ဝေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်။

ကရင်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေကို လူမျိုးရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ သတင်းအမှား ပို့စ်တစ်ခုကို စစ်တောင်း သစ္စာဆိုသူ Facebook အကောင့်ပိုင်ရှင်က မေလ ၅ ရက်နေ့ မှာ ရေးတင်ထားတာကို တွေ့ရပါတယ်။

ဧပြီလ (၂၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG လက်အောက်ခံ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားက ဓာတ်ပုံတစ်ပုံကို ယူပြီး အလံအထားအသို အပေါ်မှာ အခြေခံကာ လူမျိုး နှစ်ခုကို လူမျိုးရေး ပဋိပက္ခဖြစ်စေတဲ့ အရေးအသားတွေနဲ့ သတင်းပို့စ်ကို စစ်တောင်းသစ္စာဆိုသူက ရေးတင်ထားတာ ဖြစ်ပါတယ်။

စစ်တောင်းသစ္စာဆိုသူက “ကရင်သူပုန်တွေ ပေါက်ကွဲနေတဲ့ Post” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပြီး အဲ့ ဒီ အထဲမှာဆိုရင် “NUG အစေခံ ဗမာတွေရဲ့ လှည့်ကွက် အစေခံအဖြစ် ဗမာတွေရဲ့ အသုံးချမှုအောက် လုံးလုံး ရောက်ရှိသွားရသော ငါတို့ရဲ့ ကရင့်အလံ စိတ်မကောင်းရုံမှတစ်ပါးအခြားမရှိ ကရင်ပြည်နယ်မှာ အခြေချ ကရင် က စစ်ပညာသင်ပေးလိုက်တယ် နောက်ဆုံး ဗမာတွေရဲ့ နိုင်ငံရေးလှည့်ကွက် အသုံးချမှုလက်အောက်သို့ရောက်သွားတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

ဒါ့အပြင် ၈၈ အရေးတော်ပုံကာလ တော်လှန်ရေးကနေ ပေါက်ပွားလာခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF နဲ့ ကရင်တိုင်းရင်း သားတွေအကြားမှာ ပဋိပက္ခဖြစ်စေတဲ့ အရေးအသားတွေကိုလည်း ထည့်သွင်းရေးသားထား တာ ကို တွေ့ရပါတယ်။

စစ်တောင်းသစ္စာက “အခုအခမ်းအနား ပုံကိုသာကြည့်ပါ ဗမာ PDF အလံကို ထိပ်ဆုံးမှာထားပြီး ကရင်အလံကို မဖြစ်မနေမို့ ကြားညှပ်သေးသေးလေး ထည့်ပေးလိုက်တာကိုသာ ကြည့်လိုက်ပါ ထိုနည်းအတူ ဖြစ်စဥ်မျိုး ၈၈ တုန်းက ဖြစ်ခဲ့ဖူးပါတယ်။ ၇၀၇ တပ်ရင်းမှာပါ ကရင်အလံကို မထောင်ပဲ ကျောင်းသားအလံကို ထောင်ခဲ့လို့ ပြ ဿနာ အကြီးကြီးတက်ခဲ့ရပါတယ်။ အခုနောက်တစ်ကြိမ် သွေးတိုးစမ်းလာပါပြီ” ဆိုပြီး (မူရင်းအရေးအသား အတိုင်း) ရေးသားထားတာဖြစ်ပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ လူမျိုးစု နှစ်ခုအကြားမှာ ပဋိပက္ခဖြစ်စေအောင် လှုံဆော်ရေးသားထားတဲ့ သတင်း အမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ အမျိုးသားရေး အမှတ်အသားဖြစ်တဲ့ ကရင်အမျိုးသားအလံကို အသုံးပြုပြီး လူမျိုး နှစ်ခုအကြားမှာ ပြဿနာဖြစ်စေတဲ့ စကားလုံးအသုံအနှုန်းတွေနဲ့ သတင်းကို ဖန်တီးရေးသား ထားလို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် အပတ်စဉ် (၅) သင်တန်း ဆင်းပွဲ ကို KNU ထိန်းချုပ်ရာ နယ်မြေထဲမှာ လုပ်ခဲ့ပေမယ့် အဲဒီပွဲဟာ ကရင်အမျိုးသားတွေကို ကိုယ်စားပြုတဲ့ KNU ရဲ့ သင်တန်း ဆင်းပွဲ မဟုတ်တဲ့အတွက် NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF အလံနဲ့ အခမ်းအနားကို ပြင်ဆင်ထားတာကို အခွင့်ကောင်းယူပြီး ပဋိပက္ခဖြစ်စေမယ့် စကားလုံးတွေနဲ့ သတင်းကို စစ်တောင်းသစ္စာဆိုသူက ဖန်တီးရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် သင်တန်းဆင်းပွဲ အခမ်းအနားကို KNU ထိန်းချုပ်ရာ နယ်မြေမှာ ပြုလုပ်တာဖြစ်တဲ့အတွက် ကရင်အ မျိုးသားအလံကို ထည့်သွင်းပြီး အခမ်းအနားကို ပြင်ဆင်ထားတာကို ကြည့်မယ်ဆိုရင် စစ်တောင်းသစ္စာဆိုသူ ပြောသလိုမျိုး မဟုတ်ပဲ ကရင်အမျိုး သားတွေအပေါ်မှာ ထားရှိတဲ့ NUG ၊ PDF ရဲ့ စိတ်သဘောထားကို တွေ့ နိုင်ပါတယ်။

Palaw People’s Defence Force က ထုတ်ပြန်ထားတဲ့ ပုလော PDF ရဲ့ သင်တန်းဆင်းပွဲကို ဒီမှာ https://bit.ly/3scCofm တွေ့နိုင်ပါတယ်။

တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာ သိမ်းတာကို မကြိုက်မနှစ်သက်ကြတဲ့ ဗမာလူငယ်တော်တော်များများဟာ KNU အပါအဝင် တိုင်းရင်းသား တော် လှန်ရေး အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို ရောက်ရှိလာကြပြီး အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ပြည်သူကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ပညာကို သင်ယူကြတာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဗမာတိုင်းရင်းသားတွေဟာ ကရင်အပါအဝင် တိုင်းရင်းသား လူမျိုး တော်တော် များများနဲ့ စည်းလုံးညီညွတ်မှုကို အတိုင်းအတာ တစ်ခုအထိ တည်ဆောက်နိုင်ခဲ့ကြသလို အတူတကွ လက်တွဲပြီး တော့လည်း စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲနေကြတဲ့အချိန်မှာ ယခုလိုမျိုး အမျိုးသားရေး လက္ခဏာ အမှတ်အသားတွေပါတဲ့ ကိစ္စရပ်နဲ့ စည်းလုံးညီညွတ်မှုကို ပျက်စီးအောင် ပြိုကွဲအောင် ပဋိပက္ခဖြစ်အာင် သတင်း အမှားဖြန့် ဝေသူတွေက ဖန်တီး ရေးသားလာကြတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်ကြည့်လိုက်တဲ့အခါမှာ စစ်တောင်းသစ္စာရဲ့ ရေးသားမှုဟာ ဗမာတိုင်းရင်း သားတွေနဲ့ ကရင်တိုင်းရင်းသားတွေအကြားမှာ ရှိနေတဲ့ စည်းလုံးညီညွတ်မှုကို ပျက်စီးအောင်နဲ့ လူမျိုးရေး ပဋိပ က္ခကို ဖြစ်စေတဲ့ ရည်ရွယ်နဲ့ ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

စစ်တောင်းသစ္စာ ဆိုသူရဲ့ ရေးသားမှုကို စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းတွေရဲ Group တွေမှာ ထပ်ဆင့်ဖြန့် ဝေနေတာကို တွေ့ရသလို တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့လည်း တော်တော်များများ ဖြန့်ဝေနေတာကို တွေ့ရ ပါတယ်။

လက်ရှိ နိုင်ငံရေး မတည်မငြိမ်တဲ့ ကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေး အခေါ် အမြင်ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့ တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ စစ်ကောင်စီ ခေါင်း ဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှား တွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်သူတွေအနေနဲ့ သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/အမှန်လား ဆိုတာကို အတည်ပြုပေးနိုင်တဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေနဲ့ သေချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေပေးကြရန် တိုက်တွန်း လိုက်ရပါတယ်။