ဘီးလင်းတွင် စစ်ရှောင် တသောင်းကျော်ပြီ၊ အရေးပေါ် အကူအညီများ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၈ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွင် စစ်ဘေးရှောင် တစ်သောင်းကျော်အထိ တိုးလာပြီး အရေးပေါ်အကူအညီများလည်းလိုအပ်နေသည်ဟု စစ်ရှောင်များအား အကူအညီ ပေးနေသူများက ပြောသည်။

ဘီးလင်းမြို့နယ် KNU ထိန်းချုပ်နယ်မြေရှိ လေးကေကျေးရွာကို မေလ ၁ ရက်နေ့က စစ်ကောင်စီက လေယာဥ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည့် နောက်ပိုင်း စစ်ဘေးရှောင်အရေအတွက် တစ်သောင်းကျော်အထိ တိုးလာခဲ့ခြင်း ဖြစ် သည်။

“အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ လူတွေကလည်း ထပ်တိုးလာတော့ အဓိကက နေရာထိုင်ခင်းတွေ ပြီးတော့ စားနပ်ရိက္ခာတွေလိုအပ်နေပါတယ်။ ရွာပြန်ပြီး ပြန်ယူဖို့ကလည်း လက်ရှိအခြေအနေနဲ့က မပြန်ရဲကြ ဘူး” ဟု အကူအညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင် အရေအတွက် များလာသည့်အတွက် နေရာထိုင်ခင်း စားနပ်ရိက္ခာအပြင် ဆေးဝါးနှင့် သောက်သုံးရေ အခက်အခဲရှိနေသည်ဟုလည်း အကူအညီပေးနေသူများက ပြောသည်။

ထို့အပြင် ရေရှားပါးမှုနှင့် ယင်လုံအိမ်သာ အလုံအလောက်မရှိသည့်အတွက်ကြောင့်လည်း စစ်ဘေးရှောင်များ အကြား ဝမ်းပျက် ဝမ်းလျောရောဂါ ခံစားနေရသူအချို့လည်း ရှိနေကြသည်ဟု ပြောသည်။

KNU လက်အောက်ခံ တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလာပြီးနောက် စစ်ကောင်စီ တပ်က ပြည်သူလူထု နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဧပြီလ၂၃ ရက်နေ့ မှ စကာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း KNLA တပ်မဟာ ၁ နယ်မြေ သထုံ၊ ဖားအံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်လေးမြို့နယ် ထဲတွင် စစ်ကောင်စီတပ်နှင့် KNLA တို့အကြား စစ်ရေး တင်းမာနေသည့် အခြေအနေဖြစ်သည်ဟု KNU က ထုတ် ပြန်ထားသည်။