ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၆ လအတွင်း ရေးဆွဲသွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၈ ရက်။

ရာမညမွန်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ၆ လအတွင်း အပြီး ရေးဆွဲသွားမည်ဟု မွန်အမျိုးသား ညီ လာ ခံမှ ဆုံးဖြတ်လိုက်သည်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီက ပြောသည်။

မေလ ၂ ရက်နေ့မှ ၅ ရက်နေ့ အထိ မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပခဲ့သည့် မွန်အမျိုးသား ညီလာခံတွင် ဖက် ဒရယ် ပြည်ထောင်စု အခြေခံဥပဒေနှင့် ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကို အဓိက ဆွေးနွေးခဲ့ ကြပြီး ၆ လအတွင်း အပြီးသတ်ရေးဆွဲသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ဆွေးနွေးပွဲကနေ အဖွဲ့စုံ ကဏ္ဍစုံက တင်ပြထားတဲ့ အမြင်သဘောထားတွေ အကြံပြုချက်တွေကို စုစည်းပြီးတော့ ၆ လ အတွင်းမှာ အပြီးလုပ်ဆောင်သွားဖို့ ချမှတ်ထားပါတယ်။ ပြီးရင် ပိုပြီး ပြည့်စုံအောင် အဖွဲ့အစည်းအသီးသီး အခြားသော တိုင်းရင်းသားတွေနဲ့ ချိတ်ဆက်သွားမယ်” ညီလာခံကျင်းပရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။

ရာမညမွန်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေး မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေး ပါတီ၊ မွန်လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များပါသည့် ကော်မတီတစ်ရပ်ကိုလည်း ညီလာခံမှ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိ ပကတိအခြေအနေနှင့် ကိုက်ညီပြီး မွန်တိုင်းရင်းသားများ၏ သဘောထား ဆန္ဒများအပြင် မွန်ပြည်နယ်အတွင်းရှိ အခြားသော တ ိုင်းရင်းသားများ လက်ခံနိုင်သည့် ဥပဒေ တစ်ရပ်ဖြစ်အောင် ရေးဆွဲသွားမည်ဟုလည်း ညီလာခံ ကျင်းပရေးကော်မတီ က ထုတ်ပြန်ထားသည်။

ညီလာခံတွင် အခြေခံ ဥပဒေရေးဆွဲရေးကိစ္စများ အပြင် မွန်အမျိုးသားရေးကိစ္စ၊ မွန်အမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မွန်အမျိုးသား ညီလာခံကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိမွန်အမျိုးသား ပညာရေးဗဟိုဌာန ညီစားစခန်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ညီလာခံသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသူများ လေ့လာသူများ စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့သည်ဟု ညီလာခံကျင်းပရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။