အဓိကကျသော လက်နက်ကိုင် အဖွဲ့အစည်းများ ဆွေးနွေးပွဲတက်မည်မဟုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၈ ရက်။
စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု အများစုက တက်ရောက်မည် မဟုတ်ဟု တိုင်း ရင်းသား ခေါင်းဆောင်များက ပြောသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင် စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက် ရေး တပ်မ တော် PSLF/TNLA အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် FPNCC အနေဖြင့် မဟုတ်ပဲ တစ်ဖွဲ့ တည်း သီးသန့် ဖိတ်ကြားလာပါက တက်ရောက်မည်မဟုတ်ဟု ပြောသည်။
PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “အခုလည်း FPNCC အနေနဲ့ တက်မတက်ဆိုတာ ကျနော်တို့ မသိရသေးဘူးနော။ ထိပ်ပိုင်းမှာတော့ သူတို့က ညှိနှိုင်းဆွေးနွေးနေကြတယ်။ တက်ဖြစ် မတက်ဖြစ်ဆိုတာကတော့ အတိအကျတော့ မသိရဘူး။ ကျနော်တို့ သဘောထားကတော့ ကျနော်တို့ တစ်ဖွဲ့တည်းအနေနဲ့ကတော့ တက်ဖို့တော့ မရှိသေးဘူးလေနော။ ကျနော်တို့ တစ်ဖွဲ့အနေနဲ့ပဲ ဖိတ်မယ်ဆိုရင် FPNCC အနေနဲ့ မဟုတ်ဘူးဆိုရင် သွားဖို့တော့ မရှိသေးဘူး” ဟု ပြောသည်။
PSLF/TNLA တစ်ဖွဲ့တည်းအနေဖြင့် ဆွေးနွေးပွဲကို တက်ရောက်ရန် မရှိသော်လည်း ဆွေးနွေးပွဲကို တက်ရောက် မည် မတက် ရောက်မည် ဆိုသည့် ဆုံးဖြတ်ချက်မှာ FPNCC ၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သည်ဟု ဆိုသည်။
ထို့အပြင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ကလည်း စစ်ကောင်စီ ခေါင်း ဆောင်က ဖိတ်ခေါ်သည့် တွေ့ဆုံ ဆွေးနွေးပွဲသည် ပါဝင်သင့် ပါဝင်ထိုက်သူများ မပါဝင်သည့်အတွက် တက်ရောက် သွားမည်မဟုတ်ကြောင်း ပြောဆိုထားသည်။
KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ဗိုလ်ချုပ်ကြီး မင်းအာင်လှိုင်က ကျနော်တို့ကို ဆွေးနွေးပွဲလုပ်ဖို့ ဖိတ်ခေါ်နေတာ အဲဒါကျနော်တို့ကတော့ မတက်ဘူး။ ပြောမယ်ဆိုလို့ရှိရင် NUG တို့ PDF တို့ ပေါ့နော။ အဲဒါတွေကို မစဉ်းစားလို့လည်း မရဘူး။ သူတို့အ ကြောင်းလည်း မဆွေးနွေးပဲနဲ့တော့ မရဘူး။ ဟိုလွန် ခဲ့တဲ့ အချိန်ကာလမှာ တော့ ကျနော်တို့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနဲ့ ဆွေးနွေးရင် ရနိုင်တဲ့ အချိန် အခါလည်း လွန်ခဲ့ပြီ။ အဲဒါလည်း အခုတော့ မရှိတော့ပါဘူး။ အဲဒီ အခွင့် အရေးတွေလည်း အခုက တော့ ပြည် တွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေး လုပ်နေတဲ့ အချိန် အခါဖြစ်ပါတယ်။ လက်နက် ကိုင်နေတဲ့ အချိန်အခါ ဖြစ်နေ တယ် ဆိုတော့ အဲဒါကလည်း မပါပဲနဲ့တော့ ဒီမြန်မာ နိုင်ငံရဲ့ အရေးကို ဘယ်နည်းနဲ့မှ ဆွေးနွေးလို့ မရဘူး။ အဲဒါတွေကို ပြောတာပါ” ဟု ပြောသည်။
ထို့အပြင် “နောက်တစ်ခုရှိတာကတော့ တစ် ခြား ပါသင့်ပါထိုက်တဲ့သူဆိုတာ အများ ကြီးရှိပါ တယ်။ ကျနော်တို့ ကတော့ Third Party တွေကိုလည်း ကျနော် တို့ ဖိတ်ခေါ်လေ့ရှိပါတယ်။ အဲဒါလည်း သူတို့နဲ့ ဆွေးနွေးတဲ့ အချိန် အခါလည်း ရှိခဲ့ပါတယ်။ အခုက ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေကိုပဲ ရွေးပြီးမှ ဆွေးနွေးမယ် ဆိုလို့ရှိရင်တော့ အဲဒီလောက်နဲ့တော့ အဖြေကောင်းတွေ က တော့ ထွက်မလာနိုင်ပါဘူးလို့ ကျနော်က သုံးသပ်တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောသည်။
ထို့အတူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကလည်း စစ်ကောင်စီ ခေါင်းဆောင်က ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မြေပြင်မှာ ဖြစ်ပေါ်နေသည့် စစ်ရေး နိုင်ငံရေး အခြေအနေများနှင့် ကိုက်ညီမှု မရှိ သည့်အပြင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ သက်ဆိုင်ရာ အစုအဖွဲ့များ ပါဝင်သည့်အတွက် တက်ရောက်ရန် မရှိဟု KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့် က ပြောသည်။
“အခုက ERO တစ်ဖွဲ့တည်းကိုပဲ သူက ခေါ်တယ်။ ခေါ်တာတောင်မှ ကျနော်တို့ ဒီနေ့ ဘယ်လိုပြောမလဲ တစ်ဖက် ကတော့ ခေါ်တာပေါ့နော။ တစ်ဖက်ကတော့ စစ်ရေး လှုပ်ရှားမှုတွေ ကျနော်တို့ ထဲမှာ အများကြီးဖြစ်နေတယ်။ ဆိုတော့ ဒီလိုစစ်ရေး အရှိန်တွေကို မြှင့်နေတဲ့ အချိန်မှာ ကျနော်တို့က ဒီတွေ့ဆုံ ဆွေးနွေးပွဲကို ခေါ်တာကတော့ ဒါကတော့ မြေပြင်အနေအထားနဲ့တကယ့် ကိုက်ညီမှု မရှိဘူး။ ဒါကတစ်ချက်ပါ။ ကျနော်တို့က အဲဒါကို ကျနော်တို့ က ထောက်ပြထားတာ ဖြစ်တယ်။ နောက်ပြီးမှ stakeholder တကယ့် နိုင်ငံရေးပေါ့နော။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ရလဒ်အဖြေကောင်း ထွက်ဖို့ဆိုရင်တော့ ကျနော်တို့ stakeholder အားလုံး ပါဝင်ဖို့ လိုအပ်တယ်လို့ ကျ နော်တို့ကတော့ အဲလိုမျိုးခံယူ တယ်လေနော။ ဒီနေ့ အခင်းအကျင်းကတော့ အဲလိုလည်း မဖြစ်ဘူးလေနော်။”
အခြားတစ်ဖက်တွင်လည်း မေလ ၆ ရက်နှင့် ၇ နေ့တွင် ပြုလုပ်ခဲ့ကြသည့် NCA အပစ်ရပ် အဖွဲ့ ၇ ဖွဲ့ ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး ABSDF နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့က အဖွဲ့အစည်း အတွင်းရှိ ကိစ္စရပ်များ ကြောင့် ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဟု သဘောထားပေးခဲ့ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီး စောကျော်ညွှန့်က ပြောသည်။
“သွားမယ့်အဖွဲ့ကတော့ ၅ ဖွဲ့သဘောထားပေးပါတယ်။ အဲဒီနေ့မှာ အဲဒီ ၅ ဖွဲ့က ALP ရယ်၊ DKBA ရယ်၊ KNU/ KNLA/PC ရယ် ၊ ပြီးတော့ New Mon State Party ရယ်၊ ပြီးတော့ PNLO ရယ် အဲဒီ ၅ ဖွဲ့ကတော့ သွားမယ်လို့ သဘောထားပေးပါတယ်။ သို့သော်လည်းပဲ တစ်ချို့ အဖွဲ့တွေကျတော့လည်း မိခင် အဖွဲ့အစည်း အတွင်းမှာ ဗဟို ကော်မတီ အစည်းအဝေးတွေ ဘာတွေ ပြန်ထိုင်ဖို့ ရှိသေးတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ အစည်းအဝေးလုပ်တဲ့နေ့ မှာ သဘောထား မပေးနိုင်တဲ့ အချက်တွေ ရှိသလို တစ်ချို့ အဖွဲ့တွေကျတော့လည်းပဲ မိမိတို့ အဖွဲ့အစည်းအတွင်း မှာ အလုပ်အကိုင်ပေါ့လေ မအားမလပ်တာပဲလား ဒါမှမဟုတ် မိမိအဖွဲ့အစည်းရဲ့ အခက်အခဲ တစ်စုံတစ်ခုကြောင့် ဒီ တစ်ကြိမ်ဖိတ်ခေါ်မှုကိုတော့ တက်ရောက်ဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ သဘောထားပေးတဲ့အဖွဲ့တွေ ရှိပါ တယ်ခင်ဗျာ” ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က ယနေ့ တွင် ကြေညာချက် ထုတ်ပြန်လိုက်ပြီး စစ်ကောင်စီက ဖိတ်ကြားသည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ကြေညာသည်။
“အားလုံးတန်းတူသည့် ဆွေးနွေးအဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် မကဒတ အနေဖြင့် တက်ရောက်နိင်မည်မဟုတ်ပါ။” ဟု ကြေညာချက်တွင် ဖော်ပြထားပြီး “အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးများ ပေါ်ပေါက်လာရန် လိုအပ်သည်” ဟု ဆိုသည်။
ထို့အပြင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး CNF ကလည်း စစ်ကောင်စီခေါင်း ဆောင်က ဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲကို တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။
အလားတူ ကရင် အမျိုးသားအစည်းအရုံး KNU အနေဖြင့်လည်း စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး စစ်ရေး အကြပ်အတည်းများအောက်တွင် စစ်ကောင်စီက ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲ မှန်သမျှကို တက် ရောက်ရန် မရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မီဒီယာများကို ပြောဆိုထားသည်။