ကျိုက်လတ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ကို ဖမ်းဆီး တရားစွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးကို စစ်ကောင်စီ က ဖမ်းဆီးပြီး အကြည်ပျက် စေမှုဖြင့် တရားစွဲလိုက်သည်။

NLD ပါတီမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဝင်းလှိုင် (ခ) ဦးညိုကို ကျိုက်လတ်မြို့မ ရဲ စခန်း က ပုဒ်မ ၅၀၅ က ဖြင့် မေလ ၅ ရက်နေ့က အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အာဏာသိမ်းကာစ သူများတွေ ဆန္ဒတွေပြကြတုန်းကလည်း သူကိုမတွေ့မိဘူး။ နောက်သူများတွေကို ဆန္ဒပြဖို့ ပြောဆိုတာလည်း မကြားမိပါဘူး။ အခုလို အဖမ်းခံရတယ် တရားစွဲ ခံရတယ် ဆိုတော့ အတော် အံ့သြ တယ်” ဟု ကျိုက်လတ်မြို့နယ် NLDပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး က ပြောသည်။

မေလ ၂ ရက်နေ့က ကျိုက်လတ်မြို့ တစ်ဘက်ကမ်းရှိ ၎င်း၏ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်နေစဉ် စစ်တပ်၊ ရဲနှင့် အရပ်ဝတ် လက်နက် ကိုင်ဆောင်ထားသူများ၊ အင်အား ၅၀ ခန့်ဖြင့် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

ဦးဝင်းလှိုင် (ခ) ဦးညို သည် NLD ပါတီ၏ တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်သော်လည်း စစ်တပ် က အာဏာသိမ်းပြီး နောက် ပိုင်းတွင် နိုင်ငံရေးနှင့် ပတ်သတ်၍ လှုပ်ရှားမှုများ မရှိသူဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

“သူကို ရဲစခန်းမှာချုပ်ထားတယ် ပြောတယ်။ မိသားစုတွေနဲ့တောင် တွေ့ခွင့်မရတော့ အားလုံး က စိုးရိမ်နေတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းလှိုင် (ခ) ဦးညိုသည် ဖုန်းအတွင်းမှ လူမှုကွန်ရက်စာမျက်နှာ နှင့် Telegram Channel တွင် ပြည်သူလူထုအား အထိတ်တလန့်ဖြစ်စေပြီး နိုင်ငံတော် အေးချမ်းရေးကို ပျက်ပြား စေ ရန် လှုံ့ဆော် ရည်ရွယ်သည့် ရေးသားဖြန့်ဝေမှု များတွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့၏ ကနဦး သတင်းအရ သိရသည်။

သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

ဦးဝင်းလှိုင် (ခ) ဦးညို သည် ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်တွင် ကျိုက်လတ် မြို့နယ် NLD ပါတီမှ ရွေးချယ်ခံသူဖြစ်ပြီး၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံခြင်း မရှိဘူးဟု ဒေသခံ နိုင်ငံရေးအသိုင်းအဝိုင်းထံမှ သိရသည်။