ဆန္ဒပြသူ ပရဟိတ သမား ၃ ဦးကို ထောင်တွင်း တရားရုံးမှ ထောင်ဒဏ်ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်။

ဧရာဝတီတိုင်း ပုသိမ်ထောင်တွင် ဖမ်းဆီးခံထားရသည့် ငပုတောမြို့နယ်က ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ပရဟိတ သမား ၃ ဦးကို စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် အသီးသီး ချလိုက်သည်ဟု သိရသည်။

ငပုတောမြို့နယ် ပိုးလောင်း ကျေးရွာအုပ်စုက ပရဟိတအဖွဲ့၏ ဦးဆောင်သူများ ဖြစ်သည့် ဦးစိုးဝင်း၊ ကိုမင်းထွဋ် သွင် နှင့်လူငယ် ၁ ဦးတို့ကို ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၁-စ/ဆ တို့ဖြင့် ပုသိမ်ခရိုင်တရားရုံးမှ ထောင်ဒဏ်အသီးသီး ချ မှတ်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကို အကြည်ညို ပျက်အောင်လုပ်တယ် ဆူပူမှုတွေ ဖြစ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပဲ အမိန့်ချ လိုက်တာ” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦး ကပြောသည်။

အသက် ၄၅ ရှိ ဦးစိုးဝင်းကို ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၂နှစ်၊ အသက် ၃၃ နှစ်နှင့် ၃၅ နှစ် အရွယ်များ ဖြစ်ကြသည့် ရ ကိုမင်းထွဋ်သွင် နှင့် လူငယ်တစ်ဦး ကို ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၁-စ/ဆတို့ဖြင့် ထောင်၄နှစ် စီချလိုက်ခြင်း ဖြစ်သည်။

၎င်းတို့ ၃ ဦးသည် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက ဖမ်းဆီးခံရကာ တစ်နှစ်ကျော်ကြာမြင့်မှ အမိန့်ချမှတ်ခံရခြင်း ဖြစ်ပြီး ချုပ်ရက်လျော့ပေါ့ ခံစားခွင့်ရရှိသည်ဟု တရားလွှတ်တော်ရှေ့နေက ဆက်ပြောသည်။ မေလ ၆ ရက်နေ့က ထောင်ဒဏ် အမိန့်ချလိုက်သည်ဟု ပုသိမ်ခရိုင် တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ဒေသခံ အချို့က ဦးစိုးဝင်း နှင့် ထိုလူငယ် ၂ ဦးသည် စစ်တပ်က ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ပြီး အာဏာ သိမ်းမှုကို မနှစ်သက်၍ ဒေသခံပြည်သူများ နှင့်အတူ ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည် ဟု ဆိုသည်။

“ပြည်သူ့ အာဏာကို ဓားပြတိုက်သလို လုယူတဲ့ ကိစ္စဖြစ်နေတာ။ ဘယ်သူက ကြည်ညိုလို့ ရမှာလဲ” ဟု အသက် ၇၅ နှစ် အရွယ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး ပြောသည်။

ပုသိမ်ထောင်ထဲတွင် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထားသည့် ပုသိမ်ခရိုင်အတွင်း မြို့နယ် ၇ မြို့ နယ်က နိုင်ငံရေး အကျဉ်းသား အမျိုးသမီး၊ အမျိုးသား ပေါင်း ၃၆၀ ကျော်ရှိသည်ဟု သိရသည်။

၎င်းတို့ အနက် အမျိးသမီး ၉ ဦး၊ အမျိုးသား ၈၁ ဦးကို ထောင်ဒဏ် အသီးသီးချမှတ်ထားပြီး ဖြစ်သည်ဟု သိရသည်။