အာဆီယံက PDF ကို အကြမ်းဖက်အဖွဲ့ အဖြစ် ဥပဒေပြု လက်မှတ်ရေးထိုးတယ်ဆိုတဲ့ သတင်းမှား ဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ အာဆီယံရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတဲ့အတွက် အပြီးသတ်ချေးမှုန်းဖို့ အာဆီယံ အတွင်းမှာ ဥပဒေပြု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို မိုးတိမ်ကဗျာ ဆိုသူ Facebook အကောင့်ပိုင်ရှင်က 🇲🇲🇲🇲🇲🇲ချစ်သော အမျိုးများ ၁၃၅🇲🇲🇲🇲🇲🇲 ဆိုတဲ့ Facebook Group မှာ မေလ ၄ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

မိုးတိမ်ကဗျာဆိုသူက “နိုင်ငံ ..၉..နိုင်ငံပါဝင်တဲ့..အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ..PDF.. အဖွဲ့အား အကြမ်း ဖက်အဖြစ်လက်မှတ်ရေးထိုး သဘောတူညီပြီးဖြစ်ပါသဖြင့် အာဆီယံအကြမ်းဖက်ဥပဒေနှင့်ပါ ထပ်မံငြိစွန်းခဲ့ ပြီး ၎င်းအကြမ်းဖက်များအား ရှာဖွေဖမ်းစီးရန် ဝရမ်းအမိန့်ကို မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီး ချုပ်..လက်မှတ်ရေး ထိုး ၍ပေးပို့ခဲ့ပါသည်။ ယခု ရှာဖွေရှင်းလင်းရန် စစ်ဆင်ရေးစီမံကိန်း ရေးဆွဲအကောင်ထည်ဖော်ဆောင်ရွက်တော့ မည် ဖြစ်ကြောင်း PDF…အကြမ်းဖက်ကို အပြီးသတ်ချေမှုန်းရန်ဥပဒေပြု လက်မှတ်ရေး ထိုးနိုင်ခဲ့ ပြီဖြစ်ပါသည်” ဟု (မူ ရင်းအရေးအသားအတိုင်း) ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ PDF တွေဟာ အာဆီယံရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းမှု မရှိသလို အပြီး သတ်ချေးမှုန်းဖို့ အာဆီယံ အတွင်းမှာ ဥပဒေပြု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်ဆိုတာလည်း မဟုတ်လို့ပဲ ဖြစ်ပါ တယ်။

တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း အာဆီယံအနေနဲ့ PDF တွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ နေနေသာ လက်ရှိအချိန်မှာ အာဆီယံ အဖွဲ့ဝင်ဖြစ်တဲ့ မလေးရှားနိုင်ငံက PDF တွေကို ဖွဲ့စည်း ပေးထားတဲ့ အမျိုး သားညီညွတ်ရေး အစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံကို အဆိုပြု သွားမယ်ဆိုတဲ့ ပြောဆိုမှုကို ကြည့်မယ် ဆိုရင် မိုးတိမ်ကဗျာ ဆိုသူ ပြောသလိုမျိုး PDF တွေကို အာဆီယံက အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ပြီး ချေ မှုန်းမယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို သိနိုင်ပါတယ်။

ဒါ့အပြင် မိုးတိမ်ကဗျာဆိုသူ အခု ရေးသားဖြန့်ဝေနေတဲ့ သတင်းပို့စ်ဟာ အခုမှ ဖြန့်ဝေနေတာ မဟုတ်ပဲ ၂၀၂၁ ခု နှစ်ကတည်းက စစ်ကောင်စီ ထောက်ခံသူတွေနဲ့ အမျိုးသားအရေး လှုပ်ရှားသူတွေက ရေးသားဖြန့်ဝေထားတာကို တွေ့ရတဲ့အပြင် သတင်းအမှားတွေကို စိစစ်ရေးသားနေတဲ့ အဖွဲ့အစည်း တွေကလည်း သတင်းအမှား ဖြစ်ကြောင်း ရေးသား အတည်ပြုခဲ့ကြတာကို တွေ့ရပါတယ်။

အခုသတင်းနဲ့ ပတ်သက်ပြီး သတင်းအမှားတွေကို စိစစ်ရေးသားနေတဲ့ BOOM Myanmar က သတင်းအမှား ဖြစ် ကြောင်း စိစစ်ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3whDqIx ဝင်ကြည့်လို့ရသလို BNI အဖွဲ့ဝင်ဖြစ်တဲ့ Khonumthung Media Group က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/39AYjGI တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ မိုးတိမ်ကဗျာ ဆိုသူရဲ့ ရေးသားမှုဟာ သတင်း အမှန်မဟုတ်ပဲ လိမ်ညာဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်တယ် ဆိုတာကို စိစစ်တွေရှိရပါတယ်။

မိုးတိမ်ကဗျာဆိုသူရဲ့ ရေးသားမှုကို စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းတွေရဲ Group တွေမှာ ထပ်ဆင့်ဖြန့် ဝေနေ တာကို တွေ့ရသလို တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့လည်း တော်တော်များများ ဖြန့်ဝေနေတာကို တွေ့ရပါ တယ်။

လက်ရှိ နိုင်ငံရေး မတည်မငြိမ်တဲ့ ကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေး အခေါ်တွေ အမြင်တွေ ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူ မျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေ ကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်သူတွေအနေနဲ့ သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/ အမှန်လား ဆိုတာကို အတည်ပြုပေးနိုင်တဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေနဲ့ သေချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေပေးကြဖို့လိုပါတယ်။