တောင်ကြီး နိုက်ကလပ် ပိတ်သိမ်းရန် ပျောက်ကြားများ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က Play House နိုက်ကလပ်ကို ရှမ်းတောင် မြေအောက်တော်လှန်ရေးအဖွဲ့ (SYFDA-Rangers) က ပိတ်သိမ်းရန် သတိပေးလိုက်သည်။
အဆိုပါ Play House နိုက်ကလပ်သည် တောင်ကြီးမြို့ပေါ်ရှိ လူငယ်များကို တော်လှန်ရေးတွင် မပါဝင်နိုင်အောင် ညဘက် အပျော်အပါးများ နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်ထားကြောင်း၊ Bar များ၊ ကလပ်များအား ပိတ်သိမ်းပေး ရန် ရှမ်းတောင် မြေအောက်တော်လှန်ရေးအဖွဲ့(SYFDA-Rangers) အနေဖြင့် တိုက်ခိုက်မှုများ မပြုလုပ်ခင် ကြို တင်သတိပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
(SYFDA-Rangers) အဖွဲ့ တာဝန်ရှိသူ ဗိုလ်စိုင်းသင်္ခ က “Play House နိုက်ကလပ် အနေနဲ့ အခုလိုဖွင့်ပြီး စစ် ကောင်စီတွေရဲ့ အလိုကျ ငြိမ်းချမ်းသွားတဲ့ သဏ္ဍာန်ကို ဆောင်နေတယ်။ စစ်ကောင်စီရဲ့ သားသမီးတွေလည်း ဒီ မှာလာပြီး မူးယစ်ပျော်ပါးနေကြတာတွေက ကျနော်တို့ မြို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ ဒါကြောင့် အခုလို ပိတ်သိမ်းဖို့ ထုတ်ပြန်ရတာပါ။ ကျွန်တော်တို့ ထုတ်ပြန်ချက်ကို လျစ်လျူရှူခဲ့ရင်တော့ စစ်ရေးအရ ပြင်းပြင်း ထန် ထန် အရေးယူသွားမှာပဲဖြစ်ပါတယ်” ဟု ပြောသည်။
ထို Play House Club သည် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel တွင် ဖွင့်လှစ်ထားသည့် နိုက်ကလပ် တစ်ခု ဖြစ်သည်။
(SYFDA-Rangers) အဖွဲ့၏ မေလ ၁၀ ရက်နေ့က ထုတ်လိုက်သည့် သတိပေးစာကို လျစ်လျူရှုပြီး ဆက်လက် ဖွင့် နေ မည်ဆိုပါက ပစ်ခတ်ဖောက်ခွဲမှုများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ရှမ်းတောင် မြေအောက်တော်လှန်ရေးအဖွဲ့ Shan Youth’s Federal Democratic Army (SYFDA-Rangers) အဖွဲ့သည် လူငယ်များဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး တိုင်းရင်းသားလက်နက်ကိုင် (EAOs) နယ်မြေများတွင် စစ် သင်တန်းများကို ကွန်မန်ဒိုအဆင့်ထိ ပြီးမြောက်သင်ကြားခဲ့၍ တိုက်ပွဲအတွေ့အကြုံများလည်း ရှိနေပြီဟု အဖွဲ့က ပြောသည်။
၎င်းတို့ အဖွဲ့အနေဖြင့် စစ်အာဏာရှင်များကို အမြစ်ပြတ် တိုက်ထုတ်ရန် ရည်ရွယ်ထားပြီးဖြစ်ရာ စစ်အစိုးရ၏ လည်ပတ်နေသော ယန္တရားများ ရပ်တန့်သွားအောင် နည်းလမ်းမျိုးစုံဖြင့် တော်လှန်သွားမည် ဖြစ်သည်ဟု လည်း ဆိုထားသည်။
(SYFDA-Rangers) အဖွဲ့အနေဖြင့် အချိန်မရွေး ဖောက်ခွဲမှု စစ်ဆင်ရေးများ ပြုလုပ်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် အသွားအလာ ဆင်ခြင်ရန်နှင့် မသင်္ကာသော ပစ္စည်းများတွေ့ရှိပါကလည်း မစပ်စုကြပဲ ဝေးဝေးရှောင်ရှား ကြရန် သတိပေးထားသည်ကို တွေ့ရသည်။
၎င်းတို့ စစ်ဆင်ရေးတွင် ပြင်းအားကောင်းသည့် အဆင့်မြင့် Upgrade မှိုင်းများဖြင့် ဖောက်ခွဲမည်ပြီး မည်သည့် ပြည်သူ တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေလို၍ ၎င်းတို့ အဖွဲ့အစည်း၏ သတိပေး ထုတ်ပြန်ချက်များကို စဉ် ဆက်မပြတ် စောင့်ကြည့်ကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။
အဖွဲ့အနေဖြင့် အသိပေးချက်များကို အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် လျစ်လျူရှုခဲ့၍ အသက်ဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကလည်း ၎င်းတို့ အနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း အသိပေး ထားသည်ဟု ဆိုသည်။
မြေအောက်တော်လှန်ရေးအဖွဲ့ ဖြစ်သည့် SYFDA- Rangers အဖွဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရှမ်းတောင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (SSPDF) အပါအဝင် နီးစပ်ရာ PDF များနှင့် မကြာမှီ အချိန်အတွင်း မဟာမိတ်ဖွဲ့ထားသွားမည်ဖြစ်ကြောင်း၊ အင်းလေး မြေအောက်တော်လှန်ရေးအဖွဲ့ (IUGR) နှင့်လည်း မေလ ၁၁ ရက်နေ့တွင် တရားဝင် မဟာမိတ်ဖွဲ့ထားပြီး ဖြစ်ရာ ပူးတွဲ စစ်ဆင်ရေးများ ပြုလုပ် သွားမည်ဟု သိရသည်။