ဘိုကလေး ပျူစောထီးခေါင်းဆောင် သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်။

ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးခေါင်းဆောင်ဆိုသူ သေနတ်ဖြင့် အပစ်ခံလိုက်ရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ညီနောင်ဝကျေးရွာအုပ်စု ကျောင်းစုကျေးရွာတွင် ပျူစောထီးခေါင်းဆောင် မောင် မြင့်(ခ)မြင့်သူ မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ကျော်ခန့်က သေနတ်ဖြင့် အပစ်ခံရသည်ဟု ဒေသခံများ က ပြော သည်။

“မုန့်ဟင်းခါးဆိုင်မှာ အပစ်ခံရတာ။ သေနတ်သံ လေးချက်လောက် ကြားလိုက်ရတယ်။ သိပ် မကြာဘူး။ ရဲနဲ့စစ် သားတွေ ရောက်လာပြီး မောင်မြင့်ကိုဆေးရုံပို့လိုက်တာတွေ့တယ်” ဟု မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦး က ပြောသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်သားနှင့်ရဲများက ကျောင်းစုကျေးရွာအတွင်း လမ်းများကို ပိတ်ဆို့ကာ လူငယ် သုံးဦးခန့်ကို ရှာဖွေနေသည်ဟု ဒေသခံအချို့က ပြောသည်။

မောင်မြင့် (ခ) မြင့်သူသည် ဘိုကလေးမြို့နယ်အတွင်းက ကျေးရွာအုပ်စု (၁၁)အုပ်စုအတွင်းမှ နိုင်ငံရေး တတ်ကြွ လှုပ်ရှားသူများကို ရဲနှင့်စစ်တပ်ထံ သတင်းပေးခဲ့သဖြင့် ဖမ်းဆီးခံရသူများစွာ ရှိခဲ့ကြောင်း၊ People’s Defense Force Bogale အဖွဲ့ က ထုတ်ပြန်သည်။

“နှစ်လုံး သုံးလုံးရောင်းတဲ့ သူတွေဆီက လိုင်းကြေးလည်း သူပဲကောက်တာ။ သူ့ကို တချို့က ရဲထက်ဆိုး လို့ တောင်ခေါ်နေတာ” ဟု ကျောင်းစု ရွာသားတစ်ယောက်က ပြောသည်။

ပြည်သူများကို စစ်သား၊ ရဲ၊ တရားရေးတို့နှင့် ပေါင်း၍ အမှု ဆင်ဖမ်းဆီးကာ ငွေညှစ်ခြင်း၊ ကျေးရွာ လူထုကို ခြိမ်း ခြောက်ခြင်းတို့ကို ပြုလုပ်သောကြောင့် ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနှင့် ဧရာဝတီ လင်း ပိုင်အဖွဲ့တို့က ပူးပေါင်း၍ သုတ်သင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက “မောင်မြင့်မသေပါဘူး။ ဒဏ်ရာတွေက ပြင်းလို့ ဘိုကလေး ဆေးရုံကနေ ပုသိမ်ဆေးရုံကို ပို့လိုက်ပြီ” ဟု ပြောသည်။

သေနတ်ထိမှန်ဒဏ်ရာကြောင့် သေဆုံးခြင်းမရှိသော်လည်း စိုးရိမ်ရသည့် အနေအထားတွင် ရှိသည်ဟု အဆိုပါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် က ပြောသည်။

ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟု ကျော်ဇောသူ ချစ်စမ်းမောင်၊ ရဲထွဋ်ဇော်နှင့် သူဇာ ကြီးတို့ အသတ်ခံထားရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။