ရထားဝင်း ကျူးကျော်များ စာရင်းကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်။

မြစ်ကြီးနား ရထားဝင်း ကျူးကျော်နေအိမ်များတွင် နေထိုင်သူများကို စာရင်းကောက်သွားသဖြင့် ရွေ့ပြောင်းရမည်ကို စိုးရိမ်နေကြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မြန်မာ့မီးရထားဝင်းထဲက ကျူးကျော်နေအိမ်များတွင် နေထိုင်ကြသည့် လူဦးရေ တစ်ထောင်ကျော်ကို စစ်ကောင်စီခန့် လုံခြုံရေးဝန်ကြီး ဦးဆောင်ပြီး စာရင်းကောက်ခံနေသည်ဟု မီးရထားဝင်း အတွင်း နေထိုင်သူများက ပြောသည်။

မေလထဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်၍ မြန်မာ့ မီးရထား တာဝန်ရှိသူများ၊ ထွေအုပ်ဝန်ထမ်းများနှင့် သေနတ်များကိုင်ဆောင်ထားသည့် စစ်သား၊ ရဲ၊ အရပ်ဝတ် အဖွဲ့များက အိမ်ထောင်စု၊ လူဦးရေ စာရင်းများ လာရောက် ကောက်ယူသွားခြင်း ဖြစ်သည်ဟု သိရသည်။

“ကျမတို့ကို အိမ်ထောင်စု ပြခိုင်းတယ်။ အိမ်ထောင်စုထဲမှာ “ကျား” ဘယ်နှစ်ယောက် “မ” ဘယ်နှစ်ယောက်ရှိလဲ ကောက်သွားတယ်။ ပြီးကျတော့ အိမ်ထောင်ဦးစီးရဲ့ ပုံကို နာမည်နဲ့ အိမ်နောက်ခံထားပြီး ဓာတ်ပုံရိုက်သွား တယ်” ဟု မေလ ၉ ရက်နေ့တွင် လာရောက်ကောက်ယူသွားသည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

ခန့်မှန်းဧရိယာ ဧက ၆၀ ကျော်ရှိသည့် မြန်မာ့မီးရထားဝင်း အတွင်း လုံးချင်းကျူးကျော်အိမ် အလုံး ၃၃၀၊ အိမ်ထောင်စု ၂၄၀ နှင့် လူဦးရေ ၁၁၅၆ ယောက်ရှိသည်ဟု အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်ထောင်စုစာရင်းများကို လာရောက်ကောက်ယူခြင်းသာဖြစ်ပြီး အခြားညွန်ကြားချက် တစ်စုံတစ်ရာ မရှိသေး ဟု အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူအချို့၏ ပြောပြချက်အရ သိရသည်။

“လောလောဆယ် အပေါ်က ညွှန်ကြားချက် ဘာမှမလာသေးဘူး။ ဒါတွေကို ဖျက်သိမ်းရမယ်ဆိုလည်း နို့တစ်စာ ထုတ်ပေးရမှာ။ နို့တစ်ပေးပြီးမှ သတ်မှတ်ရက် မကုန်ဆုံးခင် ဒါတွေကို အပြီးဖျက်ပေးရမှာ။ အဲ့ဒီသဘောပေါ့ ဌာန တွေကမှ အစိုးရအဖွဲ့ကို တင်ရမှာ။ ဘယ်လိုလုပ်သင့်လည်းဆိုတဲ့ ညွှန်ကြားချက်လာမှ လုပ်လို့ရမှာလေ” ဟု အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြစ်ကြီးနား မြန်မာ့မီးရထားဝင်းအတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများက မီးရထားဌာနမှ အိမ်ယာမပေးနိုင်၍ ကိုယ့်အစီအစဉ်နှင့်ကိုယ် အိမ်ဆောက်နေခြင်း၊ သက်ပြည့် ပင်စင်စားဝန်ထမ်းများကလည်း ပြင်ပတွင် မြေမဝယ်ယူပဲ ဝင်းအတွင်းကျူးကျော်အိမ်များ ဆောက်ပြီး နေနေကြခြင်း ဖြစ်သည်။

အလားတူ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများက ၎င်းတို့ရရှိထားသည့် အခန်းများ၏ ပတ်ဝန်းကျင်တွင် လည်း တန်းလျားဆောက်၍ အိမ်ဌားထားခြင်းများလည်း ရှိနေသည်ဟု ဆိုကြသည်။

ထို့အပြင် CDM လုပ်ထားသည့် ဝန်ထမ်းများက အလုပ်ထုတ်ပယ်ခံရပြီး မူလနေသည့်အခန်းများကို ပြန်အပ်ကာ မီးရထားဝင်း ဧရိယာထဲတွင် အိမ်ဆောက်နေသည့် မိသားစုများလည်း ရှိသည်ဟု သိရသည်။

မီးရထားဌာနနှင့် လုံးဝသက်ဆိုင်ခြင်း မရှိသည့် အိမ်ဌားများနှင့် CDM ပြုလုပ်၍ ထုတ်ပယ်ခြင်းခံထားရသည့် ဝန် ထမ်းများကို တစ်ပတ်အတွင်း ရွှေ့ပြောင်း ဖယ်ရှားပေးရန် ဌာနဆိုင်ရာများက လိုက်လံပြောဆိုမှုများ ရှိနေပြီး အိမ်ဖျက်၍ အခြားနေရာသို့ ရွှေ့ပြောင်းနေသူများလည်း ရှိသည်ဟု မီးရထားဝင်းအတွင်း နေထိုင်သူများ၏ ပြောပြ ချက်အရ သိရသည်။