ချေးငွေတောင်းသည့် ဝန်ထမ်းအား ငွေချေးယူသူ လင်မယားက သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။

ချေးငွေကောက်ယူသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးကို ငွေချေးထားသူ လင်မယားမှ လင်ဖြစ်သူက သတ်ဖြတ်ခဲ့သည်ဟု ဇနီးဖြစ်သူက ကုမ္ပဏီကို ဖုန်းဆက်အကြောင်းကြားခဲ့သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာတွင် ချေးငွေသွားကောက်သည့် သထုံမြို့အခြေစိုက် စထာပါနာ ချေးငွေကုမ္ပဏီ ဝန်ထမ်း ဖြစ်သူ ကိုအောင်သီဟ ဆိုသူ အသတ်ခံလိုက်ရခြင်းဖြစ်သည်။

ကိုအောင်သီဟဆိုသူသည် ချေးငွေယူထားသည့် လင်မယား ၂ ဦးထံ ချေးငွေသွားကောက်ရင်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ချေးငွေသွားပြန်တောင်းရင်း အသတ်ခံရတယ်။ အဲ့ကောင်လေးကို သူ့ယောင်္ကျားက သတ်လိုက်ပြီး အလောင်းကို အိမ်အနောက်ဘက်မှာ မြုပ်ထားတယ်ဆိုပြီး ပြောလို့ အသတ်ခံရတယ်ဆိုတာ သိရတာ။ နောက် အဲ့ကောင်လေးမှာ ပါလာတဲ့ ပိုက်ဆံနဲ့ ဆိုင်ကယ်လည်း လင်မယားနှစ်ဦးက ယူပြီး ထွက်ပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။

ချေးငွေယူထားသည့် အမျိုးသမီးဖြစ်သူသည် မေ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ကိုအောင်သီဟကို ယောကျ်ားဖြစ်သူက သတ်လိုက်ကြောင်း ကုမ္ပဏီကို ဖုန်းဆက် အကြောင်းကြားလာခဲ့ရာမှ ကိုအောင်သီဟ အသတ်ခံ ရကြောင်း သိရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကိုအောင်သီဟ အလောင်းကို ၎င်းတို့၏ နေအိမ်အနောက်ဘက်တွင် မြှုပ်နှံထားကြောင်းလည်း ပြစ်မှု ကျူးလွန်သူ၏ ဇနီးသည်က ဖုန်းဆက်လာခြင်း ဖြစ်သည်ဟု သိရသည်။

မေလ ၁၃ ရက်နေ့က ဘီးလင်းမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ရုပ်အလောင်း မြုပ်နှံထား သည်ဆိုသည့်နေရာသို့ သွားရောက် ရှာဖွေခဲ့ရာ နေအိမ်အနောက်ဘက် ပေ ၁၀၀ ခန့်အကွာတွင် ကိုအောင်သီဟ ရုပ်အလောင်းကို တူးဖော်ခဲ့ကြသည်။

ဖုန်းဆက်လာသည့် ဇနီးသည်အပြင် ချေးငွေကုမ္ပဏီဝန်ထမ်း ကိုအောင်သီဟကို သတ်ပြီး အလောင်းပါ ဖျောက် သွားသည့် ယောက်ကျားအပါအဝင် လင်မယားနှစ်ဦးလုံး ထွက်ပြေးလွတ်မြောက်နေဆဲဟု ဒေသခံများက ဆို သည်။