ဓနု ဒေသတွင် အုပ်ချုပ်ရေးမှူး တစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။

“ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း သတင်းပေးဆိုသူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်တွင်ပင် အသတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ကိုရွှေဖီ မေလ (၁၀) ရက်နေ့တွင် ပင်းဒယ မြို့နယ် ပန်းစစ်ကျေးရွာရှိ ၎င်း၏ နေအိမ်၌ပင် ပစ်သတ်ခံရခြင်းဖြစ်ပြီး ပွဲချင်း ပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

“မနက် ၆ နာရီလောက်တုန်းက အသံကြားလိုက်တယ်။ ပြီးတော့ အော်သံတွေကြားလို့ ရွာသားတွေ သွားကြည့် တော့မှ သတ်ခံရမှန်း သိရတာ။ အဲနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်။ စစ်တပ်နဲ့ ရဲတော့ ရောက်လာပြီး ‌စစ်ဆေး နေတယ်။ သူ့ကို အရင်ကလည်း သူ့အမျိုးတွေက ဒလန် မလုပ်နဲ့တော့လို့ ခဏခဏ သတိပေးတာကို ဘယ်သူ့မှ ကြောက်စရာ မလိုဘူးဆိုပြီး ဆက်လုပ်နေတာ” ဟု ရွာခံတစ်ဦးက ပြောသည်။

အုပ်ချုုပ်ရေးမှူး ကိုရွှေဖီ ဆိုသူမှာ စစ်ကောင်စီ သတင်းပေးအဖြစ် နာမည်ကြီးနေပြီး ၎င်က မှားယွင်း သတင်းပေး မှုကြောင့် ပန်းစစ်ကျေးရွာမှ လူငယ်များသာမက အခြားရွာမှ လူငယ်များပါ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ကျေးရွာအား မီးရှို့မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟုလည်း ဒေသခံများက ဆိုသည်။

အဆိုပါ ဖြစ်ရပ်အပြင် မေလ (၉) ရက်နေ့၊ နံနက် (၄) နာရီအချိန်ခန့် တွင်လည်း ပင်းတယမြို့နယ် ပညာရေးမှူးရုံး အတွင်း ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးသည့် နောက်တွင် စစ်ကောင်စီ တပ်သားများနှင့် ရဲများ လာရောက် စစ်ဆေးခဲ့ပြီး လမ်းမကြီးများ၊ လမ်းကြိုလမ်းများနှင့် ရပ်ကွက်များအတွင်း ရဲများက အရပ်ဝတ်ဖြင့် ကင်းလှည့် စစ်ဆေးခဲ့ကြောင်း လည်း သိရသည်။

ပင်းတယမြို့နယ် မြောက်ပိုင်း တောင်ပေါ်ကြီး ကျေးရွာတွင်လည်း စစ်ကောင်စီသတင်းပေး ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် ဖြစ်သူ ဦးမိုးမြင့်သူ ဆိုသူလည်း ၎င်း၏ ကွန်ပြူတာ မိတ္တူဆိုင်၌ပင် မတ်လ (၂၁) ရက်နေ့ က ပစ်သတ်ခံခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပင်းတယမြို့နယ်တွင် မြေအောက်တော်လှန်ရေး ပြောက်ကြား အဖွဲ့များသည် စစ်ကောင်စီ သတင်းပေး ဒလန်ရှင်း လင်းရေး လုပ်ငန်းစဉ်များကို အရှိန်မြင့် ဆောင်ရွက်လျက်ရှိရာ ပန်းစစ်ကျေးရွာမှ စစ်ကောင်စီ လက်အောက်ခံ အုပ် ချုပ်ရေးမှူး ပစ်သတ်ခံရမှုအပြင် ပြီးခဲ့သည့် ဇန်နာဝါရီလအတွင်း ပန်းစစ်ကျေးရွာမှ စစ်ကောင်စီသတင်းပေး ထွေ အုပ် ရပ်ကျေးစာရေးလည်း ပစ်သတ် ခံခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ပင်းတယမြို့နယ် အတွင်း ယင်းကဲသို့ စစ်ကောင်စီ သတင်းပေး ဒလန်ရှင်းလင်းရေး လုပ်ငန်းများမှာ မကြာခဏ တွေ့မြင်နေရသော်လည်း မည်သည့် ပြောက်ကြားအဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရပေ။