ရန်ကုန်မြို့လယ် ယာဉ်ထိန်းရဲကင်း တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။
ရန်ကုန် မြို့လယ်ရှိ ရဲကင်းစခန်းတစ်ခု သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရရာ ဒု-အရာခံ ဗိုလ်တစ်ဦး သေဆုံးပြီး ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းကို မေလ ၁၃ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါယာဉ်ထိန်းရဲကင်းကို လမ်းလျှောက်လာသည့် လူငယ်နှစ်ဦးက သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ ကင်းအတွင်းရှိနေသည့် ဒု-အရာခံဗိုလ် ဇော်ဇော်လှိုင်၏ မေးစေ့အောက်ကို ကျည်ထိမှန်ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်တစ်ယောက်က တပ်မတော်ဆေးရုံမှာကုနေတယ်။ စိုးရိမ် ရတယ်လို့တော့ သိရတယ်။ လောလောဆယ်တော့ သူတို့လိုက်နေကြတုန်း” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အတူ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၈၂) တပ်ရင်းကို မေလ ၁၄ ရက်နေ့၊ နံနက် ၅ နာရီအချိန်ကလည်း မြို့ပြပြောက်ကျားနှစ်ဖွဲ့ပေါင်းကာ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု CGF–YGN အဖွဲ့က တာဝန်ရှိ သူ တစ်ဦးက ပြောသည်။
CGF–YGN အဖွဲ့က တာဝန်ရှိသူ တစ်ဦးက “ခွေးနှစ်ယောက်သေပြီး ၄ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ အတွင်း ဖရဲသီးဆီက သိရပါတယ်။ အရေးပေါ် ကားတွေလည်း တပ်ဝန်းထဲ ဝင်သွားကြတယ်ဗျ” ဟု ပြောသည်။
အမှတ် (၈၂) တပ်ရင်းကို ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် နန်းထိုက်အောင် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကို Civil Guerrilla Force-YGN နှင့် Yangon Federal Army-YFA အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နန်းထိုက်အောင် စစ်ဆင်ရေးကို ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ်အတွင်း စတင်ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တစ်လ အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ၊ စစ်ကောင်စီ သတင်းပေးဒလန်များကို စစ်ရေးအရ အရေးယူမှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။