ထားဝယ်မြို့နယ်အတွင်းရှိ တပ်စွဲထားသော ရဲစခန်းကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့များ ဝင်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။
ထားဝယ်မှ ထိုင်းနယ်စပ် ထီးခီးသို့ သွားရာ လမ်းမကြီးပေါ်ရှိ ကျောက်မဲတောင်ကျေးရွာ ရဲစခန်းအား ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ KNDO နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက် သေဆုံးမှုများ ရှိခဲ့ကြောင်း PDF-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။
မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၂ ဦး ထက်မနည်းသေဆုံးပြီး၊ ဒေသခံ ပူး ပေါင်းအဖွဲ့ဘက်က KNDO တပ်ဖွဲ့ဝင်တစ်ဦး နှင့် PDF တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။
“ရွာထဲမှာ စစ်တပ်နဲ့ မနက်စောစော ၇ နာရီကျော် ဝန်းကျင်လောက်ထဲက စပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်ကြ တာ။ နောက်မှ တပ်စွဲထားတဲ့ ရဲစခန်းကို ဝင်တိုက်တာ။ တိုက်ပွဲတော်တော်ပြင်းတယ်” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ PDF အဖွဲ့ဝင်တစ်ဦး က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ကျောက်မဲတောင်၊ တောင်သုံးနှင့် အနီးတဝိုက်ကျေးရွာများက ဒေသခံများလည်း ဘေးလွတ်သည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟု ကျောက်မဲတောင်ရွာသားများ က ပြော သည်။
“တဂျိမ်းဂျိမ်းနဲ့ ညနေပိုင်းအထိ စစ်တပ်က လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်နေတာ အဆက် မပြတ်ဘူး။ အလုံးရေတော့ မမှတ်မိတော့ဘူး။ မိုးလည်းရွာနေတော့ ကလေးတွေနဲ့ အသက်ကြီးသူတွေအတွက် ရိက္ခာနဲ့ ကျန်းမာရေးပိုင်း စိတ်ပူနေရတယ်” ဟု အသက် ၄၀ နှစ်အရွယ် ကျောက်မဲတောင် ရွာသားတစ်ဦး က ပြော သည်။
တိုက်ပွဲမဖြစ်မှီ နံနက်အစောပိုင်း အချိန်ကတည်းကပင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ရန် အလားအလာ ရှိနေ သဖြင့် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် သွားလာနေသည့် ခရီးသည်တင်ယာဉ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ထိခိုက်မှုများမရှိစေရန် နောက်ကြောင်းပြန်လှည့်ပေးဖို့ မေတ္တာရပ်ခံ စေခိုင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။