မြိတ်နှင့် ကော့သောင်း ညမထွက်ရ အချိန်လျော့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။
မြိတ်၊ ကော့သောင်းမြို့များတွင် ညမထွက်ရအမိန့်အား အချိန် ၂ နာရီလျှော့ချပေးလိုက်ကြောင်း မြို့နယ် အထွေထွေ ဦးစီးဌာနက စာထုတ်ပြန်သည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်း ညမထွက်ရ ကန့်သတ်ချက်ကို အချိန် ၂ နာရီ လျှော့ချ သတ်မှတ်ပေးလိုက်သော်လည်း တနေ့လုပ်တနေ့စားပြည်သူများ အပြင်ထွက်ရန် စိုးရိမ်နေဆဲ ဖြစ်သည် ဟု သိရသည်။
“အမိန့်က စာထဲမှာပဲရှိတာပါ။ အောက်ခြေမှာ လုပ်ချင်တာလုပ်နေကြတာ။ အစစ်အဆေးကလည်း များတယ်။ အချိန်မစေ့သေးပဲ မထင်ရင်မထင်သလို ပစ်ခတ်ဖမ်းဆီးတာမျိုးတွေလည်း ရှိနေတယ်။ ည ၇ နာရီကျော်ရင် အိမ် အပြင် မထွက်ရဲတော့ဘူး” ဟု မြိတ်စက်ဝင်းရပ်ကွက်နေ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ယခင်က ည ၁၀ နာရီနောက်ပိုင်း မထွက်ရ အမိန့်ကို ည ၁၂ နာရီနောက်ပိုင်းသို့ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ခဲ့သည့် ည ၁၀ နာရီမှ နံနက် ၄ နာရီ အချိန်အထိ ညမထွက်ရအမိန့်ကို ည ၁၂ နာရီ မှ နံနက် ၄ နာရီ အချိန်ထိ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
အလားတူ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်လည်း ညမထွက်ရ ကန့်သတ်အမိန့်ကို မေလ ၁၂ ရက်နေ့ ကတည်းက ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်ထားကြောင်း ရွှေဇင်ယော်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် မြို့ခံ ဆိုင်ကယ်ကယ်ရီ မောင်းသူ တစ်ဦးက ပြောသည်။
မြိတ်မြို့တွင် ဝမ်းစာရေးအတွက် သွားလာရှာဖွေ လုပ်ကိုင်စားသောက်ကြရရာတွင် ခက်ခဲမှုများရှိနေကြသည့် အတွက် ညမထွက်ရထုတ်ပြန်ချက် အချိန်ပြောင်းလဲ ကန့်သတ်အမိန့်စာအပေါ် ယုံကြည်စိတ်ချရမှုမရှိဘူးဟု မြို့ခံများက ပြောသည်။
ထိုသို့ ညမထွက်ရအမိန့်ကို ၂ နာရီ လျှော့ချက်ပေးလိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာ ရှိလာမည် မဟုတ် ဟု မြိတ်မြို့ခံအချို့က ပြောသည်။
အဆိုပါ အချိန်ပြောင်းလဲ သတ်မှတ်ထားချက်သည့် နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သေးသည့် အချိန် ထိ အကျုံးဝင် အတည်ပြုသွားမည်ဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများက အသိပေးပြောဆိုထားသည် ဟု ဆိုသည်။
ထို့အပြင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လူ ၅ ဦး နှင့် အထက် စုဝေးခြင်း၊ စီတန်းလှည့်လည် ဆန္ဒပြခြင်း၊ ဟောပြောခြင်းများ မပြုလုပ်ကြရန်တို့ကိုလည်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည် ဟု သိရသည်။