NLD မွန်ဝန်ကြီးချုပ်ကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ် ထပ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။

NLD အစိုးရ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၂၁ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်သည် ဟု သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စွဲဆိုထားသည့် အမှုအတွက် မေလ ၁၆ ရက်နေ့ က ကျိုက်မ ရော ဗဟိုအကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်ခြင်းဖြစ်သည်။

“အဂတိမှုနဲ့ စွဲဆိုထားတာကို ဒီနေ့ ကျိုက်မရောအကျဥ်းထောင် အထူးတရားရုံးက ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာအေးဇံကို ဝန်ကြီးချုပ် တာဝန်ယူစဉ်ကာလက လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးရယူခဲ့သည်ဆိုပြီး စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှု ၉ မှု တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချခံထားရသည်။

လက်ရှိတွင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခံထားရပြီး ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးမှု အတွက်လည်း တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းစဥ်က မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

နောက်ပိုင်းတွင် ဖမ်းဆီးခံထားရသည့် ဝန်ကြီးများအားလုံးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဒေါက်တာအေးဇံ တစ်ဦးတည်းကိုသာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပုဒ်မတစ်ခုပြီး တစ်ခုတပ်ကာ တရားစွဲဆိုခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်း ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။