ကိုးကန့်တပ်က စစ်ရှောင်စခန်းတွင် လူသစ်စုဆောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ပန်လော့စစ်ဘေးရှောင် စခန်းမှ စစ်ဘေးရှောင် ၁၂ ဦးကို ကိုးကန့် တပ်မတော် MNDAA က ၎င်းတို့၏ စစ်သားလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၈ ဦးကို ပြန်လွှတ်ပေးခဲ့ သည်ဟု စစ်ရှောင်များက ပြောသည်။

မေလ ၁၅ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်က ကိုးကန့်တပ်မတော် MNDAA က ပန်လော့စစ်ဘေးရှောင် စခန်းထဲသို့ ဝင်ရောက်လာပြီး စစ်ဘေးရှောင် လူငယ် ၁၂ ယောက်ကို စစ်သားသစ်လုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ၈ ယောက်ကို ပြန်လွတ်ပေးခဲ့သည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

၎င်းက “မနေ့က ၉ နာရီလောက်က ကျမတို့ ကမ့်မှာ ကိုးကန့်တွေပေါ့ လာပြီးတော့ လူတွေ စုဆောင်းတယ်။ ပြီး ရင် လူက ခေါ်သွားတယ်ပေါ့နော်။ ပြီးရင် သန်ခေါင် ၁၁ နာရီခွဲ ၁၂ နာရီ ဝန်းကျင်လောက်မှာ ၇ ယောက် လွတ် လာတယ်။ ၁၂ ယောက်ခေါ်သွားတာ။ ပြန်လွတ်လာတာကျတော့ ၇ ယောက်လွတ်လာတယ်။ ၅ ယောက် ကျ တော့ ဒီမနက် တစ်ခါပြန်ပြီးတော့ သွားတောင်းပန်ကြည့်လိုက်တော့ တစ်ယောက် လွတ်လာတယ်။ ၄ ယောက် ခေါ်သွားပြီ” ဟု ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ဘေးရှောင် ၁၂ ဦးအနက် ၈ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း ၄ ဦးကို စစ်သား သစ်အဖြစ် စုဆောင်းကာ ခေါ်ဆောင်သွားသည်ဟု ပန်လော့စစ်ရှောင် တစ်ဦးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများမှာ လီဆူ တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ထိုသို့ ဖမ်းဆီးခေါ်ဆောင်ရာတွင် ခြိမ်း ခြောက် ပြောဆိုမှုများလည်းရှိခဲ့သည် ဟု ဆိုသည်။

လွန်ခဲ့သည့် ၂ လခန့်က ကိုးကန့်တပ်မတော် MNDAA က ပန်လော့စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များနှင့် အစည်းအဝေးပြုလုပ်ပြီး အိမ်ထောင်စု တစ်စုတွင် အမျိုးသား ၂ ဦး ရှိလျှင် တစ်ဦးကို MNDAA ကိုးကန့် တပ်မတော် တွင် စစ်သားသစ်အဖြစ် စာရင်းပေးသွင်းကြရန် ပြောဆိုထားသည် ဟု သိရသည်။

စစ်ဘေးရှောင်များဖက်မှ စစ်သားလုပ်ရန် စာရင်း မပေးသွင်းသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်စခန်းအထိ လူသစ်စုဆောင်းမှုများ ပြုလုပ်လာသည့်အတွက် ကြောက်လန့်စိုးရိမ်စိတ် များနှင့် အဖက်ဖက်မှ လုံခြုံမှု မရှိသကဲ့သို့ ခံစားနေရသည်ဟု စစ်ဘေးရှောင်များ ပြောသည်။

စစ်ဘေးရှောင်တစ်ဦး “ဒီအခု Camp က လူတွေက သိပ်မနေရဲတော့ဘူးပေါ့နော်။ သူတို့ကြောက်တာပေါ့နော်။ ကြောက်တာတွေတော့ ရှိတယ်။ အခု ယောက်ကျားလေးတွေကျတော့ အိမ်မှာ မနေရဲတော့ဘူး။ တောမှာသွားနေ မယ်ဆိုရင်လည်း အဆင်မပြေဘူး။ အခုလောလောဆယ် Camp ထဲမှာပဲ နေတယ်။ စိုးရိမ်မှုတွေက ဘယ်လိုပြောမ လဲ ဘယ်အချိန်လာမလဲ ဘယ်အချိန်လာခေါ်မလဲ သတင်းမပေးပဲ သူတို့က ဝင်လာတယ်ဆိုတော့လေ ဘယ်အချိန် လာမလဲ ဆို စိုးရိမ်တာပေါ့” ဟု ပြောသည်။

MNDAA အနေဖြင့် စစ်ဘေးရှောင်ပြည်သူများ အဖက်ဖက်မှ ကြုံတွေ့နေရသည့် အခက်အခဲများကို နားလည်ပြီး စစ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပြန်လွတ်ပေးရန်နှင့် စစ်ဘေးရှောင်စခန်းများတွင် စစ်သား သစ် စုဆောင်းမှုများကို မပြုလုပ်ရန် တောင်းဆိုသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယုလေး ကျေးရွာအုပ်စုအတွင်းတွင် ပန်လော့၊ စစ်ဘေးရှောင် စခန်းအပါအဝင် စစ်ဘေးရှောင် စခန်း ၄ ခုရှိပြီး အဆိုပါ စစ်ဘေးရှောင်များတွင် တအာင်း၊ လီဆူ၊ ကချင်၊ တရုတ် စသည့် လူမျိုးများ နေထိုင်ကြသည် ဟု စစ်ဘေးရှောင်များက ပြောသည်။