PDF များကို လာရှာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရပြီး ၁၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။
ထားဝယ်မြို့နယ်အတွင်း ဒေသခံ PDF များကို ရှာဖွေ ရန် လာရောက်သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးခဲ့သည်ဟု ဒေသခံရွာသား များက ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံ PDF အဖွဲ့က အရှေ့တောဒေသ ပကာရီ – ဆီပင်ကောက် ချိတ်ဆက်လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး၍၊ ၁၇ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (ထားဝယ်ခရိုင်)က မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
အသက် ၄၀ အရွယ် ဒေသခံရွာသားတစ်ဦးက “ဂျိမ်း ဆိုပြီး အသံအကျယ်ကြီး တစ်ချက်ကြားလိုက်ရတယ်။ သိပ် မကြာဘူး သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ ဖြစ်တဲ့နေရာက ရွာနဲ့ နည်းနည်း အလှမ်းဝေးလို့ တော် သေးတယ်” ဟု က ပြောသည်။
စစ်ကြောင်းမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား သေဆုံးမှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(ထားဝယ်ခရိုင်) ဘက်တွင် အထိအခိုက် မရှိခဲ့ဘူးဟု ဒေသခံ PDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
အဆိုပါတိုက်ပွဲသည် မေလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (ထား ဝယ်ခရိုင်)က မေလ ၁၇ ရက်နေ့ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ထားဝယ်ခရိုင် အရှေ့တောဒေသဘက်သို့ မေလဆန်းပိုင်းကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် PDF များ ကို ရှင်းလင်းရန်ဟု ဆိုကာ စစ်အင်အားဖြည့်တင်းပြီး လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်မှုများ လုပ်ဆောင်နေသည် ဟု သိရသည်။
ထိုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့်လည်း ဒေသခံရွာသားများ စိုးရိမ်ကြောက်ရွံ့ပြီး ဘေး လွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟု ဒေသခံများက ပြောသည်။