ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရပြီး ဒေသခံ ၂၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ညီနောင်ကျေးရွာက ပျူစောထီးခေါင်းဆောင် တစ်ဦး ပစ်ခတ်ခံရမှုနှင့် ပတ် သက်၍ ဒေသခံ အယောက် ၂၀ ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားသည်။

ဒေသခံ NLD ပါတီဝင်များ ဖြစ်ကြသည့် ဒေါ်ဝင်းလှ၊ ဦးအောင်သန်းဌေး၊ ဦးကျော်ကျော်ဦး၊ ဦးတင်စိုး၊ ဦးဝင်းဌေး တို့ အပါအဝင် ပါတီဝင်မဟုတ်သည့် ဒေသခံ အယောက် ၂၀ ကျော် ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

“ရွာတွေမှာလည်း လိုက်ဖမ်းတယ်။ မြို့ပေါ်မှာလည်းဖမ်းတယ်။ မြင်ရာထင်ရာ တွေ့တဲ့သူကို ရိုက်နှက်ထိုးကြိတ် ပြီး သိမ်းကျုံး ဖမ်းတဲ့ပုံစံမျိုး ဖြစ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ မေလ ၁၂ ရက်နေ့က ဘိုကလေးမြို့နယ်၊ ညီနောင်ကျေးရွာက ပျူစောထီးခေါင်းဆောင် မောင်မြင့် သေ နတ်ဖြင့် ပစ်ခတ်ခံရပြီးနောက်၊ မေလ ၁၃ ရက်နေ့က ယခုကဲ့သို့ သိမ်းကျုံးဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုနှင့် ဧရာဝတီလင်းပိုင် အဖွဲ့တို့က ပျူစောထီး ခေါင်းဆောင် မောင်မြင့်ကို ၎င်းတို့နှစ်ဖွဲ့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

“ဟိုတယောက် (မောင်မြင့်) ကဖြင့် ဆေးရုံမှာ ကုလို့သက်သာနေပြီ။ အခုထိ ဒီမှာက အကြောင်းမဲ့ ဖမ်းနေတာက မပြီးနိုင်တော့ဘူး” ဟု ဘိုကလေးမြို့ခံ ဒေါ်ညိုညို က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘိုကလေးမြို့နယ်တွင် စစ်တပ်၊ ရဲသတင်းပေး ဒလန် ၄ ဦးကို ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ ဝင်တို့က သုတ်သင်ခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ထိုသို့ စစ်တပ်နှင့် ရဲသတင်းပေး ဒလန် ၄ ဦး သတ်ဖြတ်ခံခဲ့ရသော်လည်း သတ်ဖြတ်မှုနှင့် အမှန်တကယ် ပတ် သက်သည့် သူများကိုမူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခြင်း မရှိဘူးဟုလည်း ဒေသခံများက ဆိုသည်။