ညောင်ရွှေရောက် ကရင်နီ ဒုက္ခသည်များ အကူအညီများ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိနေသည့် ကရင်နီဒေသက စစ်ဘေးရှောင်များ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများလိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ တောင်ပိုင်း၊ စံကားမြို့ မှော်ဘီတံတားတောင်ဘက် လွယ်နွဲ့ ဘုရားတောင်ရွာရှိ ဘုရားတောင် ပရဟိတ္တကျောင်းတွင် ရောက်ရှိ ခိုလှုံနေကြသည့် ကရင်နီ စစ်ဘေးရှောင်များအတွက် စားဝတ်နေ ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူညီများ လိုအပ်နေခြင်း ဖြစ်သည်။

ဘုရားတောင် ပရဟိတ္တကျောင်းတွင် ကူညီလုပ်ကိုင်ပေးနေသူ တစ်ဦးက “အခု မှော်ဘီ-ပင်လောင်း လမ်းနဲ့ မှော် ဘီ-မိုးဗြဲ လမ်းကလည်း ပိတ်လိုက်ပြီဆိုတော့ စစ်ရှောင်တွေ ပိုတိုးလာဖို့ပဲ ရှိတယ်။ လောလောဆယ် ဆန်က ရှိ တယ် ဆိုပေမယ့် သူတို့ကျောင်းက ကလေးတွေအတွက်ပဲ ရှိတာ။ စစ်ရှောင်တွေအတွက် ဆိုရင် ဘယ်လိုမှ မလောက်ဘူး။ စစ်ရှောင်ကလေး တစ်ယောက်ကလည်း မွေးရာပါ နှလုံးအပေါက်ပါနေတော့ အခု ရောဂါ ပိုဆိုး လာတယ်” ဟု ပြောသည်။

အဆိုပါ ဘုရားတောင် ပရဟိတ္တကျောင်းသည် ယခု စစ်ဖြစ်နေသည့် ကျောက်တလုံးကြီးမြို့နယ်၊ ထီရီးကျေးရွာ နှင့် (၇) မိုင်ခန့်သာ ကွာဝေးသည်ဟု သိရသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်ထဲက လွယ်ပေါကျေးရွာ မရောက်ခင် ထီရီးကျေးရွာအနီး စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်တွင်လည်း PNO ပြည်သူ့စစ်အဖွဲ့၏ စစ်သားများက စောင့်ကြပ်နေသည် ဟု သိရသည်။

“ကူညီမယ့်လူတွေ ရှိရင်တော့ ကျနော်တို့ လာယူပေးမှပဲရမယ်။ အပြင်ကလူတွေ ကူညီဖို့လာရင် ထီရီးရွာ စစ် ဆေးရေး ဂိတ်ကို ဖြတ်လို့မရဘူး။ ကျနော်တို့က PNO တွေနဲ့ အရင် ဗကပ လက်ထက်ကတည်းက ရင်းနှီးလာ တော့ ကျနော်တို့ ဖြတ်သွားရင် ရတယ်” ဟု ဘုရားတောင် ပရဟိတ္တကျောင်းတွင် ကူညီ လုပ်ကိုင်ပေးနေသူ တစ်ဦးက ပြောသည်။

ယင်းဘုရားတောင် ပရဟိတ္တကျောင်းတွင် လွန်ခဲ့သည့် (၃) ရက်ခန့်ကလည်း အင်းလေးဒေသ ညောင်ရွှေမြို့ ရှိ ရန်ကုန် ဘုန်းကြီးကျောင်းမှ ဆန် (၁၀) အိတ်နှင့် စားသုံးဆီများ ကူညီပေးခဲ့ရာ အဆိုပါ ရိက္ခာများမှာ စစ်ဘေး ရှောင်များ အတွက် ၅ ရက်စာခန့်သာ ဖူလုံခဲ့သည်ဟု ကူညီဆောင်ရွက် ပေးနေသူများက ဆိုသည်။

ဘုရားတောင် ပရဟိတ္တကျောင်းသည် ရှေးယခင်ကတည်းက မိဘမဲ့များနှင့် ဆင်းရဲနွမ်းပါးသူများအား စက်ချုပ် သင်တန်း၊ အင်္ဂလိပ်စာ၊ ဂျပန်စာနှင့် Hotel Tourism သင်တန်းများ နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပြီး လူမျိုး ဘာသာ မခွဲခြားသောကျောင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါကျောင်းသည် လွန်ခဲ့သည့် (၆) လကတည်းက ကရင်နီ စစ်ရှောင်များ လက်ခံထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ (၇၀၀) ကျော် ခိုလှုံနေကြသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် အနယ်နယ် အရပ်ရပ်က အလှူရှင်များအနေဖြင့် ကူညီပေးကြရန် စစ်ဘေး ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက တောင်းဆိုနေကြသည်။