တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ ရွာသား ၂၀၀၀ ကျော် ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ကြောင့် ရွာသား ၂ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟု ဒေသခံများက ပြောသည်။
မေလ ၁၈ ရက်နေ့တွင် တကူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက် ခံခဲ့ရသည့်အပြင် မေလ ၁၉ ရက်နေ့တွင်လည်း ကျောက်လုံးကြိးကျေးရွာဘက် စစ်ကြောင်းထိုးလာည့် စစ်ကောင် စီတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများ ဖြစ်ပွားပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည့် အပြင် လက်ရှိတွင် တကူကျေးရွာအုပ်စု အတွင်းရှိ အင်းရှည်ကုန်းနှင့် ခြောက်အိမ်စုရွာတို့ကို စစ်ကောင်စီ တပ်ဖွဲ့ က စီးနင်းထားသည်ဟု ရွာသားများက ပြောသည်။
တကူအလယ်ပိုင်းကျေးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီး အသံ တွေရော လက်နက်ငယ် အသံတွေရော အဆက်မပြတ်ပစ်နေတော့ တရွာလုံး ကြောက်လန့်ပြီး ဘုန်းကြီး ကျောင်းနဲ့ ဘေးလွတ်မယ်ထင်တဲ့ တောထဲတွေ ထွက်ပြေးနေကြရတယ်။ ရွာထဲမှာ လူမရှိတော့ဘူး။ မိုးကလည်း ရွာနေတယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တကူတိုက်နယ်အတွင်းက ကျေးရွာများဖြစ်သည့် သရဘွင်၊ အင်းရှည်ကုန်း၊ ခြောက် အိမ်စု၊ ပြည်အေး၊ တကူသံတိုက်၊ လမိုင်းကော့၊ ရွာမနှင့် တကူအလယ်ပိုင်း စသည့် ရွာများမှ ဒေသခံ ၂ထောင် ကျော်က စိုးရိမ်ထိတ်လန့်ပြီး ကျေးရွာများကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း ယခုရက်ပိုင်းတွင် မိုးလည်း အဆက်မပြတ်ရွာသွန်းလျက် ရှိနေရာ တိမ်းရှောင်နေရသည့် ရွာသားများအတွက် ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများ လိုအပ်နေသည်ဟု ရွာသားများနှင့် ကူညီပေးနေသူ အချို့က ဆိုသည်။
မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂း၄၀ နာရီ အချိန်ခန့်တွင် တကူကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ဇဝဲ ၉ မိုင်တောင်ကြော၊ ရွာအဝင် တောလမ်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့ က ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဘက်မလိုက်ပျောက်ကြား အဖွဲ့တာဝန်ရှိသူကပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် အပြန်အလှန် နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ မိုင်းခံဆွဲမှုနှင့် တိုက် ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးပြီး၊ ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ပြော သည်။
အလားတူ မေလ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ကျောက်လုံးကြီးကျေးရွာဘက်မှ ထပ်မံ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဘက်မလိုက်ပျောက်ကြား အဖွဲ့တို့ တကူကျေးရွာအနီး အရှေ့ဘက်တွင် နာရီ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘက်မလိုက်ပျောက်ကြားအဖွဲ့ဘက်က ထိ ခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ ဘက်မလိုက်အဖွဲ့ဝင် တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် လူနေအိမ် နှစ်လုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးသွားသည် ဟု ဘက်မလိုက်အဖွဲ့ဝင် တစ်ဦးက ပြောသည်။
တကူကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ယခုနှစ် ဇန်နဝါရီလ အတွင်းမှ စတင်၍ မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး ၎င်းကျေးရွာများတွင် PDF များ ခိုအောင်းနေသည် ဟု ဆိုကာ စစ်ကောင်စီတပ်က ဧပြီလ ၅ ရက်နေ့မှ စတင်၍ စားသောက်ကုန်ပစ္စည်းများ၊ ဆန်နှင့် စက်သုံးဆီများ သယ်ယူခွင့် ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောသည်။