မော်လမြိုင် လေပြင်းတိုက် အိမ်အချို့ ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လေပြင်းတိုက်ခတ်ပြီး လူနေအိမ်အချို့ အမိုးလန်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင် များ လဲကျနေခြင်းများ ဖြစ်ပွားနေသည် ဟု မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများက ပြောသည်။

မေလ ၂၀ ရက်နေ့ (ယနေ့) နံနက်ပိုင်း အချိန်ခန့်ကစပြီး မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ် အချို့ အမိုးများလန်သွားသည်ရှိပြီး မြို့အနှံ့တွင်လည်း သစ်ပင်များနှင့် ဓာတ်တိုင်အချို့ လဲကျကုန်သည်ဟု သိရ သည်။

”မနက်ကတည်းက မိုးရွာနေတာ နေ့လည်လောက်ကျတော့ မိုးရော လေရောပဲ။ လေတိုက်တာ ကြောက်စရာ ကြီး တအားပြင်းတယ်။ လမ်းမှာလည်း သစ်ပင်တွေ ဓာတ်တိုင်တွေ လဲနေတာ မြို့အနှံ့ပဲ အိမ်တချို့ ထိခိုက်တာ တွေလည်း ရှိတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦး က ပြောသည်။

သစ်ပင်များနှင့် ဓာတ်တိုင်အချို့ လဲကျနေသည်ကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လျှပ်စစ် ဌာနတို့က လိုက်လံရှင်းလင်းပေးနေသည်ဟု မြို့ခံများက ပြောသည်။

”သစ်ပင်လဲတာက ရပ်ကွက် အတော်များများမှာ ဖြစ်တယ်။ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ မီးသတ်ကတော့ လိုက် လံ ရှင်းလင်းပေးနေတယ်။ ဓာတ်တိုင်လဲတာတွေလည်း ရှိတယ်။ အခုထိ လူထိခိုက်တာတွေတော့ မရှိသေးဘူး။ လော လောဆယ်ကတော့ မိုးရော လေရော ငြိမ်နေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မေလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင် မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး) တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (Depression) သည် မြန်မာနိုင်ငံ မွန်ပြည်နယ်၊ မော်လ မြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ် ဆက်လက် တည်ရှိနေသည် ဟု မိုးဝေသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက် (၆) နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့ လျားပြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ အနီးသို့ ရောက်ရှိနိုင်သည်ဟု လည်း မိုးဇလက ခန့်မှန်းထားသည်။

ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မေလ ၂၀ ရက်နေ့ ညနေ မှ ၂၁ ရက်နေ့ အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန် ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်ဟု မိုးဇလက ထုတ်ပြန်ထားချက်အရ သိရသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။

ထိုကြောင့် ကုန်းတွင်းမုန်တိုင်ငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အသိ ပေးနှိုးဆော်ထားသည်။

ဓါတ်ပုံ – CJ