ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရ သည် ဟု ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့နယ်ထဲက အောက်သရက်ချောင်း ကျေးရွာအတွင် ပစ်သတ်ခံလိုက်ရသူများမှာ အသက် ၄၀ နှစ် အရွယ် ဦးမင်းနောင်၊ အသက် ၅၃ နှစ်အရွယ် ဦးစိုးဝင်းနှင့် ဦးသိန်းတန် အသက် ၆၀ နှစ်တို့ ဖြစ်ကြသည်။

“အဲ့ညကအိပ်မလို့ လုပ်နေတုန်း သေနတ်သံတွေ လေးငါးချက်ကြားရတယ်။ ထွက်မကြည့်ရဲဘူး။ မနက် မိုး လင်းမှ ဘယ်သူတွေ ပစ်သတ်ခံရတယ် ဆိုတာသိရတယ်” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ပျူစောထီးအဖွဲ့ဝင်ဆို ၃ ဦးအနက် ဦးမင်းနောင် နှင့် ဦးစိုးဝင်း တို့သည် ၎င်းတို့နေအိမ်တွင် ပစ်သတ်ခံရခြင်းဖြစ်ပြီး ဦးသိန်းတန် ကိုမူ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရွာအနီး ချောင်းကမ်းစပ်တွင် ပစ်သတ်ခဲ့ခြင်း ဖြစ် သည်။

ထို့အပြင် ဦးသိန်းတန်ကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် ၎င်းနှင့်အတူ ရွာသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ယခု ခါ ပြန်လွှတ်ပေးပြီဟု သိရသည်။

ပျူစောထီးအဖွဲ့ဝင် ဆိုသူ ၃ ဦး အောက်သရက်ချောင်းကျေးရွာတွင် မေလ ၁၅ ရက်နေ့၊ ည ၉ နာရီဝန်းကျင် အချိန် ခန့်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

သေသွားသူများသည် စစ်တပ်နှင့် ရဲကို သတင်းပေးနေသူများ ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များလည်း ဖြစ်သည်ဟု သိရသည်။ ၎င်းတို့ ၃ ဦး ကြာင့် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူ အတော်များများရှိနေသည်ဟုလည်း ရွာ သားများက ပြောသည်။

ထို့အပြင် အသတ်ခံရသူ ၃ ဦးသည် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အတွက် မဲဆွယ်စည်းရုံးခဲ့ကြသူများ ဖြစ်ပြီး ဦးမင်းနောင်၏ ဖခင်မှာလည်း ပြည်သူ့စစ်ခေါင်းဆောင် ပျူစောထီးတစ်ဦး ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။