တွံတေးတွင် မြို့ပြပြောက်ကြား အဖွဲ့က ပြည်သူ့စစ်အဖွဲ့ဝင် ဆိုသူကို ပစ်သတ်လိုက်ကြောင်း ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ဆိုသူကို တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

သေဆုံးသူ ဝင်းဆန်းသည် တွံတေးမြို့၊ ကွမ်းခြံရပ်ကွက်၊ ရိပ်သာလမ်းသွယ် အတွင်း နေထိုင်သူဖြစ်ပြီး ၎င်းနေထိုင် သည့် လမ်းအတွင်းမှာပင် သေနတ်ဖြင့် ၄ ချက်ခန့် အပစ်ခံရပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု တွံတေး မြို့တွင် နေထိုင်သူများက ပြောသည်။

အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက “သူနေတဲ့လမ်းထဲမှာပဲအပစ်ခံရတာ။ မနေ့ညကလည်း အဲ့ဒီ ရပ်ကွက်ထဲက လူငယ်တချို့ကို စစ်ကောင်စီက ဖမ်းသွားတယ် ကြားတယ်။ ဘယ်နှစ်ယောက်ပါ သွားလည်းတော့ မသိဘူး” ဟု ပြောသည်။

မေလ ၁၆ ရက်နေ့၊ ညနေ ၅ နာရီအချိန်က တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု အဆို ပါ အဖွဲ့ထံမှ သိရသည်။

ပစ်ခတ်ရှင်းလင်းခံလိုက်ရသည့် ဝင်းဆန်း သည် တော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို စစ်ကောင်စီ ထံ သတင်းပေးပို့နေသည့်အပြင် စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့တွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်ဟု တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့က ပြောသည်။

တွံတေးမြို့နယ် အတွင်းရှိ စစ်ကောင်စီ သတင်းပေးဒလန်များ အနေဖြင့်လည်း ကျေးရွာနေ ပြည်သူများအပေါ် ဖိ အားပေး ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီတပ်များကို ခေါ်၍ ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်နေခြင်း၊ စစ်ကောင်စီ ကို ထောက်ပံ့နေခြင်းများကို ရပ်တန်းကရပ်ရန်နှင့် ဆက်လက်ဆောင်ရွက်နေပါက ပြင်းပြင်းထန်ထန် အရေးယူမည် ဖြစ်ကြောင်းလည်း တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့ သတိပေးထားသည်။

မေလ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီ သတင်းပေး ဦးမြဦးဆိုသူ အသတ်ခံရပြီးနောက် ည ၇ နာရီ အချိန်ခန့် တွင် တွံတေးမြို့ပေါ်ရှိ ဈေးဆိုင်ခန်းများ၊ နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လိုက်ပိတ်ခိုင်းပြီး ဈေး သစ်ရပ်ကွက်နှင့် ကွမ်းခြံ(အနောက်) ရပ်ကွက်တို့တွင်လည်း သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သေးသည်။

ရန်ကုန် တောင်ပိုင်းခရိုင်မြို့နယ်များ ဖြစ်သည့် သန်လျင်၊ ကော့မှူး၊ တွံတေးမြို့နယ်များ အတွင်းရှိ စစ်ရေးပစ်မှတ် များကို နန်းထိုက်အောင် စစ်ဆင်ရေး စီမံချက်ဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက် လျက် ရှိသည်။