ကြံခင်းမှ တောင်သူ ၃ ဦးကို PDF ထောက်ပံ့သည်ဆိုကာ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ က တောင်သူ ၃ ဦးကို PDF အား ထောက်ပံ့ သည်ဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကြံခင်းမြို့နယ် ဘက်ရဲမြို့ အပိုင်၊ ကြို့ပင်စုကျေးရွာမှ အသက် ၅၀ အရွယ် ဝန်းကျင်ရှိကြသည့် ကြို့ပင်စုကျေးရွာသား ဦးရဲထွန်းမင်း၊ ဦးစိုးဦး၊ ဦးငလှ တို့ ၃ ဦးကို မေလ ၁၆ ရက်နေ့၊ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ တို့တွင် ဆက်တိုက် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အဖမ်းခံရသူများ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦး က “အဖမ်းခံရသူတွေက သူများ ထောက်ပံ့ဖို့ မပြောနဲ့ လယ် ကြွေးတွေ မကြေတောင် အကြွေး မဆပ်နိုင်သေးဘူး” ဟု ပြောသည်။

၎င်းတို့ ၃ ဦးသည် လူအများအပြား ပါဝင်သည့် စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲများ၌ပင် ပါ ဝင်ခြင်း မရှိဘူးဟု နီးစပ်သူများက ပြောသည်။

ကြို့ပင်စုကျေးရွာသား ဦးရဲထွန်းမင်း၊ ဦးစိုးဦး၊ ဦးငလှ တို့ ၃ ဦးကို စစ်သားနှင့် ရဲ အများအပြားက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည် ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးထားသူ ၃ဦးကို ကြံခင်းမြို့မရဲစခန်းတွင် စစ်ဆေးနေ သည်ဟု သိရသော်လည်း မိသားစုဝင်များ နှင့် တွေ့ ခွင့်မရသေးဘူးဟု မိသားစုဝင်များက ပြောသည်။

“ဘယ်မှာလဲလို့ မေးလို့မရဘူး။ လူကြီးတွေ မေးကြည့်တော့လည်း ရဲတွေ စစ်နေတုန်းလို့ပြောတယ်။ ရဲဆိုတာ က လည်း ရိုက်စစ်ဖို့ပဲ တတ်ကြတော့ စိုးရိမ်တာ အမှန်ပဲ” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ကြံခင်းမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အဦအချို့ နှင့် Mytel ဖုန်း တာဝါတိုင် အချို့ တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိပြီး အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေသခံများကိုလည်း အကြောင်းမဲ့ ဖမ်းဆီးလေ့ရှိသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုများကို ဒေသခံအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် PDF အဖွဲ့များက ၎င်းတို့ လုပ် ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားကြသော်လည်း မသက်ဆိုင်သည့် ရွာသားများကို စစ်ကောင်စီ က အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ရှိနေ၍ ဒေသခံများက စိုးရိမ်နေကြသည်။

ကြံခင်းမြို့နယ် နှင့် ဘက်ရဲမြို့သည် ရခိုင်ရိုးမတောင်ခြေနှင့် နီးစပ်သည့်မြို့များ ဖြစ်ပြီး စစ်ကောင်စီနှင့် နိုင်ငံရေး စစ်ရေး တင်းမာနေသည့် ရခိုင်ပြည်နယ်နှင့် နယ်နမိတ် ထိစပ်လျှက်ရှိသည်။