မုန်တိုင်းငယ်ကြောင့် အနည်းဆုံး လူ တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်။

မွန်ပြည်နယ်တွင် မုန်တိုင်းငယ်ကြောင့် လူတစ်ဦးသေဆုံး၊ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်၊ အဆောက်အဦ ရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မေလ ၂၀ ရက်နေ့က မော်လမြိုင်မြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတို့တွင် မိုးသက်လေပြင်း ကျရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းကြောင့် မော်လမြိုင် မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံ ခေါင်းတိုင် ပြိုကျပိမိပြီး လူ တစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများက အတည်ပြု ပြောသည်။

”မနေ့က လေပြင်းကြောင့် မော်လမြိုင်မှာ အရက်ချက်စက်ရုံခေါင်းတိုင် ပြိုကျပြီး လူနှစ်ဦး ပိမိတယ်။ ဆေးရုံ ရောက်တော့ တစ်ဦးက သေဆုံးသွားတယ်။ တစ်ယောက်က ဒဏ်ရာရတယ်။ တခြားနေရာမှာတော့ လူထိခိုက် တာတော့ မကြားဘူး” ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ တစ်ဖွဲ့က တာဝန်ရှိသူတစ်ဦး က ပြောသည်။

မုန်တိုင်းငယ်ကြောင့် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ သထုံ၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့တွင် လူနေ အိမ်များ၊ အဆောက်အဦးများ ရာနှင့်ချီ ထိခိုက်ပျက်စီးသွားသည့်အပြင် သစ်ပင်နှင့် ဓာတ်မီးတိုင်အများအပြား လဲသွားသည်လည်း ရှိသည်။

လက်ရှိတွင် မော်လမြိုင်မြို့၌ လေဘေးသင့်ပြည်သူ ၁၅၀ ကျော်ရှိနေပြီး ယာယီ ကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့ထားခဲ့ရသည် ဟု အကူအညီပေးနေသူ တစ်ဦးက ပြောသည်။

”သာယာအေးရပ်ကွက်က လေဘေးသင့်ပြည်သူ ၁၅၀ ကျော်လောက်ရှိတယ်။ ညက မိုးရွာထားတော့ သူတို့ နေရာမှာ ရေမကျသေးဘူး။ သူတို့ အခြေအနေက မုန်တိုင်းရှောင်ပြီး ရေဘေးထပ်ရှောင်နေရတယ်” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

လေဘေးသင့်သူများကို အလှူရှင်များက အကူအညီပေးနေပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ကူညီပေးခြင်း မျိုး မရှိသေးဘူးဟုလည်း သိရသည်။

ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မေလ ၂၀ ရက်နေ့၊ ညနေ မှ မေလ ၂၁ ရက်နေ့ (ယနေ့) အထိ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင် ပါ သဖြင့် ကြိုတင် သတိပြု နေထိုင်ကြပါရန်လည်း မိုးဇလက အသိပေးနှိုးဆော်ထားသည်။