တပ်ရင်းဂိတ်နှင့် ဝန်းကျင်တွင် ဗုံး ၃ ကြိမ်ပေါက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်။
ဧရာဝတီတိုင်း ဓနုဖြူမြို့ ရှိ ခြေမြန်တပ်ရင်း (ခမရ) ၁၀၈ တပ်ရင်းဂိတ်နှင့် အနီးဝန်းကျင်တွင် ဗုံး ၃ ကြိမ် ဆက်တိုက်ပေါက်ကွဲခဲ့သည် ဟု မြို့ခံများက ပြောသည်။
နန်းတော်ကုန်းကျေးရွာ အနီး ဟင်္သာတ-ရန်ကုန် ကားလမ်းဘေးရှိ စစ်တပ်၏ အနောက်ဘက်ဂိတ်နှင့် မီတာ ၃၀၀ ခန့် အကွာ ကားလမ်းဘေးတွင် ၂ ကြိမ်၊ စစ်ဆေးရေးဂိတ်နှင့် မီတာ ၄၀၀ ခန့် အကွာ လမ်းဘေးတွင် ၁ ကြိမ် ဆက် တိုက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ပေါက်ကွဲသံက အတော်ကျယ်တယ်။ ညဘက် မှောင်တော့ တော်တော်မှောင်နေတာ။ ပစ်တာခတ်တာမျိုး တော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မေလ ၂၀ ရက်နေ့၊ ည ၇ နာရီခွဲဝန်းကျင် အချိန်က ဗုံး ၃ ကြိမ် ဆက်တိုက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ အမှတ် (၁၀၈)ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ သ တင်းရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့တို့က စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး အွန်လိုင်း စာမျက်နှာတွင် ရေးသား ဖော်ပြသည်။
အခင်း ဖြစ်ပွားနေရာတွင် PVC (၂) လက်မ ပိုက်ကွဲစများနှင့် Keypad ဖုန်း အပိုင်းအစများ တွေ့ရှိရပြီး လက်လုပ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ စစ်ကောင်စီဝါဒဖြန့်ချီရေး အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။
သို့သော် ထိုဗုံးပေါက်ကွဲမှုကြောင့် လူ နှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း တရားခံများ ဖမ်းဆီးရမိရေး အတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း ဆက်လက် ရေးသားဖော်ပြမည်ဟု ထိုအွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ဧရာနဂါးညီနောင် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က အဆိုပါ ဗုံးဖောက်ခွဲမှုများကို ၎င်းတို့၏ တပ်ဖွဲ့ ဝင်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တပ် အဝင်အထွက်ဂိတ်အနီး ဖောက်ခွဲမှုမှာ ထိခိုက်မှုရှိနိုင်သည်ဟု သတင်းထုတ် ပြန်သည်။
စစ်ကောင်စီ လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဗုံးပေါက်တာ ထိခိုက်မှုရှိလား မရှိ လား မသိဘူး။ အဲ့ဒီနေ့ မနက်ပိုင်းက တပ်ရေး ဗိုလ်ကြီး နဲ့ ရဲဘော် ရန်ဖြစ်လို့ ထိုးကြတာ ဒဏ်ရာရတာတော့ ရှိ တယ်” ဟု ပြောသည်။
ခြေမြန်တပ်ရင်း (ခမရ) ၁၀၈ တပ်ရင်းသည် စစ်ကောင်စီ၏ ပဲခူးတိုင်း၊ အင်းမမြို့ အခြေစိုက် အမှတ်-၆၆ ခြေ မြန် တပ်မဌာနချုပ် (တမခ-၆၆) ၏ လက်အောက်ခံ တပ်ရင်းတစ်ရင်း ဖြစ်ပြီး လက်ရှိတွင် ကရင်နီပြည်နယ် အတွင်း ထိုးစစ်ဆင် ဝင်ရောက်နေသည့် တပ်ရင်းဖြစ်သည် ဟု သိရသည်။