ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် ဗုံးကွဲ၊ အုပ်ချုပ်ရေးမှူး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်။

ဧရာဝတီတိုင်းအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ သွားခဲ့ကြောင်း ရွာသားများက ပြောသည်။

မေလ ၂၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း၏ နေအိမ်ရှေ့ တွင် မသင်္ကာဖွယ် အထုပ်တစ်ခုကို တွေ့ရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖုန်းဆက်သတင်းပေးနေချိန်၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

“သူ့ကြောင့် အဖမ်းခံတဲ့သူတွေ အများကြီးပဲ။ ပြည်သူ့စစ်ကိုလည်း သူပဲခေါင်းဆောင်ပြီး ဖွဲ့တာ။ အဲ့ဒါကြောင့် ဆော်တာဖြစ်မယ်” ဟု စက်ဆန်းကျေးရွာသား တစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးကြည်ဝင်းတွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး နေအိမ်အရှေ့ ခြမ်းပါ ပြိုကျပျက်စီးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့က အတည်ပြု ပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စက်ဆန်းကျေးရွာအတွင်းရှိ လမ်းများအပြင် အခြားကျေးရွာများနှင့် ဆက် သွယ်ထားသည့်လမ်းများကိုပါ ပိတ်ဆို့ကာ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှူများပြုလုပ်နေသည်ဟု ဒေသခံများ က ပြောသည်။

“အခုကတော့ စစ်သားနဲ့ ရဲတွေတော်တော် ခြေရှုပ်နေတယ်။ ယူနီဖောင်းနဲ့ရော အရပ်ဝတ်တွေနဲ့ရောပဲ။ ဘယ်မှ မသွားရဲကြဘူး ဖြစ်နေတာ” ဟု အသက် ၃၅ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။

ဘိုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်ဆန်းကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ကို သတိပေးသည့် အနေ ဖြင့် ဗုံးဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် အုပ်ချုပ်ရေးမှူး၏ လုပ်ရပ်ကို ရပ်တန့်စေရန်နှင့် ဆက်လက်၍ ပြည် သူလူထုအား ဖိနှိပ်ခြင်းများ ပြုလုပ်နေပါက ၎င်းအုပ်ချုပ်ရေးမှူးနှင့် အတူ ထောက်တိုင်များအားလုံးကို လုံးဝ ငဲ့ညှာသွားမည် မဟုတ်ကြောင်း ဘိုကလေးမြို့နယ် PDF အဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက မလော့ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်ကိုလည်း သတိပေးသည့် အနေဖြင့် ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗုံးဖောက်ခွဲခဲ့ပါ သေးသည်။