ညီညွတ်စွာ တိုက်ပွဲဝင်ရန် မွန်အဖွဲ့အစည်းများ တိုက်တွန်း
(ဟံသာဝတီမွန်ပြည် ကျဆုံးခြင်း ၂၆၅ နှစ်မြောက် အထိမ်းအမှတ် ကျင်းပ)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်။
မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်တို့ကို အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမျိုးသား စည်းလုံး ညီညွတ်မှုဖြင့် တိုက်ပွဲဝင်သွားရန် မွန်အဖွဲ့အစည်း ၃ ဖွဲ့က တိုက်တွန်းလိုက်သည်။
မေလ ၂၂ ရက်နေ့ (ကဆုန်လဆုတ် ၈ ရက်နေ့) တွင် ကျရောက်သည့် မွန်နိုင်ငံတော် ဟံသာဝတီ မွန်ပြည် ကျဆုံး ခြင်း ၂၆၅ နှစ်ပြည့် အထိမ်းအမှတ်ဖြင့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)၊ မွန်အမျိုးသားကွန်ရက် (MNN)၊ မွန်အမျိုးသားကောင်စီ(သြစတြေးလျ )(MNC-A) အဖွဲ့တို့က ပူးပေါင်းကြေညာချက်ထုတ်ပြီး တိုက် တွန်းလိုက်ခြင်း ဖြစ်သည်။
”မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ဖက်ဒရယ်မွန်ပြည်ရောက်ရှိနိုင်မှာ မဟုတ် ဘူးလို့ ယုံကြည်တဲ့အတွက် မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို လိုလားတဲ့ မည်သည့်အင်အားစုများနဲ့ မဆို အတူတကွ တိုက်ပွဲဝင်သွားမယ်” ဟု မွန်အင်အားစု ၃ ဖွဲ့က ပြောဆိုထားသည်။
မွန်အင်အားစု ၃ ဖွဲ့၏ ထုတ်ပြန်ကြေညာချက်ထဲတွင် မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်တို့သည် စစ်မှန် သည့် ဖက်ဒရယ်မွန်ပြည် တည်ဆောက်ရေးတွင် အဓိက အဟန့်အတားဖြစ်စေသည် ဟု ပြောထားသည်။
မွန်ကြမ္မာ မွန်တို့ဖန်တီးနိုင်ရေးနှင့် ဖက်ဒရယ် မွန်ပြည်တည်ဆောက်ရေး အတွက် မွန်ညီညွတ်ရေးပါတီအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမှ ရပ်ဆိုင်းရန်လည်း အဖွဲ့အစည်း ၃ ဖွဲ့က တောင်းဆိုထားသည်။
ထို့အပြင် စစ်ကောင်စီအား အမျိုးသားရန်သူအဖြစ် သတ်မှတ်ပြီး တမျိုးသားလုံးအသွင်ဖြင့် တိုက်ပွဲဝင်သွားရန် မွန်တမျိုးသားလုံးကို တိုက်တွန်းထားသည်။
အလားတူ မွန်ဒေသအတွင်းရှိ မွန်အမျိုးသားထုကို ကာကွယ်စောင့်ရှောက်သွားနိုင်သည့် မွန်အုပ်ချုပ်ရေးစနစ် ခိုင် မာအားကောင်းလာရေးနှင့် မွန်အစိုးရတရပ် ပေါ်ထွန်းလာရေးအတွက် မွန်အမျိုးသားထု တရပ်လုံး စည်းလုံး ညီ ညွတ်စွာ ရုန်းကန်အားထုတ်သွားရန်လည်း အင်အားစု ၃ ဖွဲ့က တိုက်တွန်းထားသည်။