မုန်တိုင်းထိ မူစလင်ရုပ်အလောင်း ၁၇ လောင်း ကမ်းစပ်တွင် တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေမြို့ ပင်လယ်ကမ်းခြေတွင် ရုပ်အလောင်း ၁၇ လောင်း နှင့် အသက်ရှင်သူ အယောက် ၃၀ ခန့်ကို တွေ့ရှိကယ်ဆယ်ထားရသည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူများ က ပြောသည်။

မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ရွှေသောင်ယံကမ်းခြေမြို့၊ ဝက်သေအုန်းချောင်း ရွာပင်လယ် ကမ်းခြေတွင် တွေ့ ရှိရခြင်းဖြစ်ပြီး အမျိုးသမီး အလောင်း ၆ လောင်း နှင့် အသက်ရှင်လျှက် တွေ့ရှိရသူများတွင် အမျိုးသမီးအချို့ လည်း ပါဝင်သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဒေသခံ လူမူ ဆယ်ကယ်ရေး အဖွဲ့ဝင်တစ်ဦး က “မုန်တိုင်းမိပြီး လှေဝမ်းပေါက်လို့ ကမ်းခြေကို လှိုင်းနဲ့ လေနဲ့ ပါလာတာ” ဟု ပြောသည်။

ယခုတွေ့ရှိရသူများသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်ဟု သိရသည်။

ရုပ်အလောင်းများထဲတွင် အသက် ၁၃ နှစ်ခန့်အရွယ် မိန်းကလေးရုပ်အလောင်းလည်း ပါဝင်ပြီး ရွှေသောင်ယံ ကမ်းခြေမြို့ ပင်လယ်ကမ်းခြေတွင် တွေ့ရှိခဲ့သည့် ရုပ်အလောင်းများကို အစ္စလာမ်ဘာသာရေး ဆရာများက ထုံး တမ်းစဉ်လာနှင့်အညီ ရွှေသောင်ယံသင်္ချိုင်းတွင် သင်္ဂြိုဟ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အသက်ရှင်လျှက် တွေ့ရှိရသည့် သူများသည် ပင်လယ်ထဲတွင် ၎င်းတို့၏ စက်လှေ မုန်တိုင်းမိကာ ဝမ်းပေါက် နစ် မြုပ်ပြီး မျောလာခြင်းဖြစ်သည် ဟု ပြောဆိုကြောင်း ပုသိမ်မြို့ရှိ လူမှုကယ်ဆယ်ကူညီရေး အဖွဲ့တာဝန်ရှိသူ များ က ပြောသည်။

ချောင်းသာကမ်းခြေ လူမှုကယ်ဆယ်ရေးအဖွဲ့များသည် ပင်လယ်တွင် ကျန်ရှိနေနိုင်သည့် သူများကို ဆက်လက် ရှာဖွေနေပြီး ပုသိမ်မြို့အခြေစိုက် အရပ်ဖက် လူမှုကယ်ဆယ် အဖွဲ့များလည်း ကယ်ဆယ်ကူညီရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

“ပင်လယ်ထဲမှာ သူတို့တွေ ရှိနေနိုင်သေးတယ်။ ကျနော်တို့တွေ စက်လှေတွေနဲ့ရှာနေကြတယ်” ဟု ရွှေသောင်ယံ ဒေသ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

မေလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကလေး၊ လူကြီး ကျားမ လူအယောက် ၉၀ ခန့် ပါဝင်သည့် စက်လှေဖြင့် ဧရာဝတီတိုင်း အတွင်းသို့ အဝင် ဘင်္ဂလားပင်လယ်အော်တွင် မေလ ၂၁ ရက်နေ့က မုန်တိုင်းမိကာ စက်လှေနစ်မြုပ်၍ ကမ်းခြေသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ရွှေသောင်ယံဒေသ အုပ်ချုပ်ရေးအဖွဲ့ရုံး တာဝန်ရှိသူများထံမှ သိရသည်။