ပြည်ခိုင်ဖြိုး ပါတီဝင်ပိုင် မိတ္တူဆိုင် ဗုံးပေါက်ကွဲမှုဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်။
မွန်ပြည်နယ်၊ မုဒုံမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်း၏ နေအိမ် တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အိမ်ရှင်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု မြို့ခံများက ပြောသည်။
မုဒုံမြို့၊ မော်လမြိုင်-သံဖြူဇရပ် လမ်းမရှိ ဦးအောင်မြင့်နေအိမ်တွင် ဖွင့်လှစ်ထားသည့် ကောင်းထက် မိတ္တူဆိုင် တွင် မေ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဗုံးပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်နှင့် အခြားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အစိတ်အပိုင်း အချို့လည်း ထိခိုက်ပျက်စီးမှု ရှိသည်ဟု သိရသည်။
“အိမ်က လမ်မဘေးမှာပဲ မိတ္တူဆိုင်ပါ တွဲဖွင့်ထားတာ။ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်တော့ ဒဏ်ရာရတယ်။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်” ဟု မုဒုံမြို့ခံတစ်ဦး က ပြောသည်။
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း Mudon People Defence Force က ဦးအောင်မြင့်၏ နေအိမ်ကို အနီးကပ်ဝင်ရောက် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဦးအောင်မြင့်သည် စစ်ကောင်စီအဖွဲ့ဝင် သတင်းပေးတစ်ဦးဖြစ်သည်ဟုလည်း Mudon People Defence Force က ထုတ်ပြန်ထားသည်။
ဧပြီလတွင်လည်း မုဒုံ မြို့မ ၄ ရပ်ကွက်ရုံး ကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က ဖောက်ခွဲမှုပြုလုပ်ခဲ့သေးသည်။
မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က စစ်ကောင်စီလက်အောက်ခံရုံး၊ ဌာနများ၊ ရဲ၊ စစ် သားနှင့် ဒလန်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု လည်း ထုတ်ပြန်ထားသည်။