မွန်ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးနှင့် တခြား လက်နက်ကိုင်အဖွဲ့များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့် စစ်ကောင်စီ သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်။

မွန်ပြည်သစ်ပါတီနှင့် စစ်ကောင်စီတို့ တွေ့ဆုံရာတွင် မွန်ပြည်သစ်ပါတီ NMSP က ဖက်ဒရယ်အခြေခံမူနှင့် ပြည် နယ်ဖွဲ့စည်းပုံရေးဆွဲရေး ဆွေးနွေးတင်ပြခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် စစ်ကောင်စီဥက္ကဋ္ဌ အဖွဲ့တို့သည် မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှု ပထမရက်တွင် မွန်ပြည်သစ်ပါတီမှ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခြေခံမူနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ သီးခြားရေးဆွဲရေး ကိစ္စတို့အပြင် ပါတီကိစ္စ၊ အမျိုးသားရေး ကိစ္စ တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ဆွေးနွေးတင်ပြတဲ့ အချက်တွေထဲမှာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခြေခံမူနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ သီးခြားရေးဆွဲ ချမှတ်နိုင်ဖို့ တင်ပြဆွေးနွေးခဲ့တယ်။ ပြီးတော့ ပြည်နယ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေရေးဆွဲတဲ့ အခါမှာလည်း မွန်ပြည်နယ် အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး လွတ်လပ် စွာ ဆွေးနွေးခွင့်ပေးဖို့ တင်ပြဆွေးနွေးခဲ့တယ်။”

မွန်ပြည်သစ်ပါတီ၏ ဆွေးနွေးတင်ပြချက်အပေါ် စစ်ကောင်စီဘက်က မူအားဖြင့် သဘောတူလက်ခံပြီး လာမည့် ရက်များတွင် NMSP အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနိုင်းရေး ကော် မတီနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားရန် စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်ဟုလည်း မွန်ပြည်သစ်ပါတီ တာ ဝန်ရှိသူက ပြောသည်။

တွေ့ဆုံဆွေးနွေးမှုတွင် မွန်ပြည်သစ်ပါတီဘက်က ပါတီ ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းဦး ဆောင်ပြီး ပါတီ တွဲဖက် အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ခဲ့ပြီး စစ်ကောင် စီဘက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

ပထမဆုံးအနေဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် မေလ ၂၀ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒုတိယအဖွဲ့အနေဖြင့် မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့ပြီး NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်မရေးထိုးထားသေးသည့်အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ခန့် တက်ရောက်ရန်ရှိနေသည်။

လက်ရှိစစ်ကောင်စီက ပြုလုပ်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည့် အဖွဲ့အစည်းများမှာ ကရင် ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည် သစ်ပါတီ NMSP၊ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလားအထူးဒေသ (အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်- NDAA နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU တို့ ဖြစ်သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက BBC သတင်းဌာနကို ပြောဆိုထား သည်။

သို့သော် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU က အဖွဲ့အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မည့် ကိစ္စနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိနေသည်။

လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU က မေလ ၆ ရက်နှင့် ၇ နေ့တွင် ပြုလုပ်ခဲ့ကြသည့် NCA အပစ်ရပ်အဖွဲ့ ၇ ဖွဲ့ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST အစည်းအဝေးတွင် အဖွဲ့အစည်း အတွင်းရှိ ကိစ္စရပ်များ ကြောင့် ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဟု သဘောထားပေးခဲ့သည်။

ဓါတ်ပုံ – NMSP