ကလောနယ်ခံ နှစ်ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘောဆိုင်းကျေးရွာ အုပ်စု၊ ကံဦးရပ်ကွက်နေ NLD ပါတီဝင် တစ်ဦး နှင့် ပြည်သူတစ်ဦးတို့ ဝရမ်းထုတ်ခံထားရသည်ဟု နီးစပ်သူများက ပြောသည်။

ဘောဆိုင်းကျေးရွာ အုပ်စုက NLD ပါတီဝင် တစ်ဦးဖြစ်သည့် ဦးဇော်မြင့်ဦးနှင့် ကိုကျိပ်တူး ဆိုသူတို့အား ရပ်ကွက် ရုံးတွင် ဝရမ်းစာကပ်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဝရမ်းထုက်တဲ့ ရက်စွဲက ကြာပါပြီ။ နိုတစ်စာကတော့ အခုမှ ကပ်တာပါ။ အရင် (၃) လလောက်က နောင်လွယ် ရေကန် အရှေ့ဘက်တောထဲက ဂူမှာ ပြည်နယ်အဖွဲ့က PDF တွေကို လိုက်ဆင်းဖမ်းသေးတယ်။ အဲဒီရဲ့ နောက် ဆက်တွဲကို အကြမ်းဖက်နဲ့ စွဲတာပေါ့။ နှစ်ယောက်လုံးက မှီခိုတွေမို့ အိမ်ပိုင် မရှိကြပါဘူး။ အိမ်မပိုင်ကြောင်း ကိုတော့ ရပ်ကျေးက စာတင်ပေးရတာပေါ့။ အဲတာကြောင့်မို့လည်း သူတို့အိမ်တွေ ချိတ်ပိတ်မထားဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

ထိုသို့ ဝရမ်းစာ ကပ်ခံထားရသူ နှစ်ဦးမှာ ကျေးရွာအတွင်းမှ တိမ်းရှောင်နေသည်မှာလည်း ယခုမှမဟုတ်ပဲ နှစ် နှစ်နီးပါးရှိနေပြီ ဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

ကိုကျိပ်တူးဆိုသူအား တက်ကြွလှုပ်ရှားသူတစ်ဦးဟု ယူဆပြီး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက ဖမ်းဝရမ်းထုတ် ခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယမန်နှစ်ကလည်း ဘော်ဆိုင်းကျေးရွာတွင် စစ်ကောင်စီသတင်းပေး ဒလန် ၅ ဦးအပါအဝင် အုပ်ချုပ်ရေးမှူးတို့ ကျည်ဆံတစ်တောင့်နှင့်အတူ သတိပေးစာရောက်ခဲ့ချိန်ကလည်း ကျေးရွာအတွင်းရှိ ပရဟိတခေါင်းဆောင် တစ်ဦး အဖမ်းခံခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ နီးစပ်သူ တစ်ဦးက “စာရောက်ပြီး နောက်ပိုင်း အုပ်မှူးက နေပြည်တော်မှာ ရှောင်နေ တာ ကြာပြီ။ အဲ့ဒီ အုပ်မှူး စာပို့ခံရတာနဲ့ ပတ်သက်ပြီးလည်း မနှစ်က ဩဂုတ်လ (၂၀) ရက်နေ့မှာ ပရဟိတ ခေါင်းဆောင် အဆွဲခံရတယ်။ ဘော်ဆိုင်း ရဲစခန်းမှာ (၃) လ အချုပ်ခံရတယ်။ အခုတော့ လွတ်လာပြီ။ အဲ့ဒီ နောက်ပိုင်း စစ်တပ်က ရဲကင်းမှာ အထိုင်ချထားတယ်။ စစ်တပ်က (၃) ပွင့်အထိ အဲဒီမှာထိုင်တယ်” ဟု ပြော သည်။

ကလောမြို့နယ်၊ ဘောဆိုင်းကျေးရွာ အုပ်စုအတွင်း စစ်ကောင်စီတပ် ၂၀၂၁ ခုနှစ် ဩဂုတ်လခန့်မှ စတင်၍ စစ် ကောင်စီတပ်ဖွဲ့ဝင်များ ရဲကင်းတွင် အထိုင်ချထားသည်ဟု သိရသည်။

ကလောမြို့နယ်သည် ဆန္ဒပြ သပိတ်လှုပ်ရှားမှုများ ဖြိုခွင်းခံရသည့်နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများ ငြိမ်သက် လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက လက်ရှိတွင်လည်း ဒေသအတွင်း တည်ငြိမ်အေးချမ်းနေကြောင်း ဖော်ပြလို၍ သစ်လုပ်ငန်းရှင် များနှင့် ပူးပေါင်းကာ ဘော်ဆိုင်းကျေးရွာတွင် ကာစီနို လောင်းကစားရုံ ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု သိရသည်။