တပ်ရင်း စခန်းနှင့် မြို့မ ရဲစခန်းအား ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ ပူးပေါင်းပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့အတွင်း ခြေလျင်တပ်ရင်း ဌာနချုပ်နှင့် မြို့မ ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့သည်ဟူ ကျိုက်ထို တော်လှန်ရေး အင်အားစု KRF က ထုတ်ပြန်ကြေညာသည်။

သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း ခလရ (၂၀၇) တပ်နှင့် မြို့မရဲစခန်းတို့
ကို မေလ ၂၄ ရက်နေ့ နံနက်အစောပိုင်း အချိန်ခန့်က ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

”ထပ်မံတိုက်ခိုက်ရန် အခွင့်အရေးများ ရှိခဲ့သော်လည်း တပ်ရင်းရှိ မိသားစုဝင်များအား ထိခိုက်မည်ကို ငဲ့ညှာသောအားဖြင့် သတိပေးတဲ့အနေနဲ့သာ ပြုလုပ်ခဲ့တယ်” ဟု KRF တာဝန်ရှိသူက ပြောသည်။

KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ခလရ (၂၀၇) တပ်က တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထား သည်။

တပြိုင်နက်တည်း သိမ်ဇရပ်မြို့မရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ထိခိုက်မှု ရှိ၊ မရှိကိုတော့ ဆက်လက် စုံ စမ်းနေဆဲ ဖြစ်သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ကျိုက်ထိုတော်လှန်ရေးအင်အားစုကို အချိန်မီ ဆက်သွယ်မှု ပြုလုပ်ရန်နှင့် နောက်ထပ်တစ်ကြိမ်ဆိုလျှင် မည်သည့် အခွင့်အရေးမျှပေးမည် မဟုတ်ကြောင်း KRF က အသိပေးထုတ်ပြန် ထားသည်။

အလားတူ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနေ စစ်ကောင်စီသတင်းပေးဆို ဦးဇော်သန်းကိုလည်း ကျိုက်ထို တော်လှန်ရေးအင်အားစုနှင့် ကျိုက်ထိုပကဖတို့ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့သည် ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ဦးဇော်သန်းသည် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးဖြစ်ပြီး မေလ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က သထုံ စု အန္တရာယ်ကွေ့အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

”ကယ်ရီပို့ဆောင်ရင်း သထုံစု အန္တရာယ်ကွေ့မှာ ဦးခေါင်းသေနတ်ဒဏ်ရာ နှစ်ချက်နဲ့ သေဆုံးနေတယ်” ဟု ဒေသ ခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်ကယ်ရီသမား ဦးဇော်သန်းသည် စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်ကြောင်း စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်း သွားမည်ဟုလည်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။