ပုလောတွင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်။

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း ဒေသခံ ၁၀ ဦး ထက်မနည်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် တစ်ပါတ်အတွင်း ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုလောမြို့နယ်အတွင်း ကျေးရွာအချို့နှင့် မြို့ပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ် ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၁၅ ရက်နေ့မှ စတင်၍ မေလ ၂၄ ရက်နေ့အထိ နေ့စဉ်လိုပင် နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သည်ဟု ပုလောဒေသခံများ က ပြောသည်။

အသက် ၃၅နှစ်အရွယ် ဆွေမျိုးတော်စပ်သူ မင်းထိန်ရွာသားတစ်ဦးက “ရွာမှာ လူငယ်တွေ မနေရဲကြတော့ဘူး။ ရှောင်နေကြရတယ်။ လယ်ထွန်ရမယ့်အချိန် အလုပ်ဖြောင့်အောင် မလုပ်ကြရပဲ ရှောင်နေကြတရတာ” ဟု ပြော သည်။

လက်ရှိ အဖမ်းခံထားရသူ အများစုမှာ NLD ပါတီဝင်များပါဝင်ပြီး အချို့ကို PDF များနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲ ကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၎င်းတို့နှင့် ဆက်နွယ်နေသည့် လုပ်ငန်းရှင်များ၏ နေအိမ်များကိုလည်း အဓိက ထား ဝင်ရောက်ရှာဖွေခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ ညပိုင်းတွင် မင်းထိန်ကျေးရွာနှင့် ပဝတ်ကုန်းကျေးရွာအကြား စစ်ကောင်စီ တပ်ဖွဲ့ ယာဉ်တန်း နှစ်ခု နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများရှိလာခြင်း ဖြစ်သည် ဟု သိရသည်။

ပုလောမြို့နယ် မင်းထိန်ကျေးရွာ တစ်ရွာတည်းမှာပင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ အသက် ၃၀ အရွယ် အမျိုးသား ၆ ဦး မေလ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ၁၀ ရက်ခန့် ကြာလာသည့်အချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးဘူးဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသလို ၎င်းတို့အား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည် ကိုလည်း မသိရှိရဘူး ဟု ဆွေမျိုးတော်စပ်သူ မင်းထိန်ရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များကို ဝင်ရောက်ရှာဖွေရာတွင်လည်း ရွှေငွေနှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားခြင်းမျိုးလည်းရှိသည်ဟု ရွာသားများက စွပ်စွဲ ပြောဆိုထားသည်။

ယခုရက်ပိုင်း အဖမ်းဆီးခံထားလိုက်ရသည့် လူဦးရေ အရေအတွက် အသေးစိတ်အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာ ကွန်ယက် သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

မင်းထိန်ကျေးရွာအနီး တိုက်ခိုက်မှုကို ပုလောဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုအဖွဲ့ မှ ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၄၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်မတော် (ပုလော) က သတင်းထုတ်ပြန်ထားသည်။