ကချင် စစ်ရှောင် ၅၀၀ ကျော် မိမိသဘောအလျောက် နေရပ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်ရှောင်နေတဲ့ လူ ၅၀၀ ကျော် နေရပ်ကျေးရွာကို ပြန်သွားကြပြီဟု စစ်ရှောင် များ နှင့် စခန်းတာဝန်ရှိသူများက ပြောသည်။

မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းရပ်ကွက်ရှိ စစ်ရှောင်စခန်းက လူဦးရေ ၅၀၀ ကျော်သည် မေလ ၂၅ ရက်နေ့က နေရပ်ကျေးရွာများသို့ ပြန်ကြခြင်း ဖြစ်သည်ဟု စခန်းနေထိုင်သူများက ပြောသည်။

“တချို့ တခြားနေရာမှာ ကိုယ့်ထက်ဆိုးတဲ့ဟာတွေလည်း ရှိတော့ အဲ့ဒါကြောင့်မို့လည်း နည်းနည်းမှ သက်သာ သက်သာဆိုပြီးမှ ပြန်ကြတာပါ။ အိမ်တစ်လုံးပဲရှိတယ် တောင်ယာလည်းမရှိဘူး။ စိုက်ခင်းလည်းမရှိဘူး နေ ရင်းနဲ့ပဲ ဘယ်လိုလုပ်ကိုင် စားသောက်ရမလဲ ဆိုတာ စဉ်းစားရမယ်” ဟု စစ်ဘေးရှောင် ဒေါ်ဘောမ်မျှော် က ပြော သည်။

ဂျန်မိုင်ကာင်း ရပ်ကွက်ရှိ စစ်ရှောင်စခန်းမှ နေရပ်ပြန်ကြမည့် စစ်ရှောင် ၅၀၀ ကျော်သည် ဒေသအတွင်း လုံခြုံမှု မရှိသေးသော်လည်း စခန်းအတွင်း နေရာထိုင်ခင်းကြပ်တည်းမှုအပြင် အခြားသော အခက်အခဲများကြောင့် နေ ရပ်ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေါ်ဘောမ်မျှော်ကပြောသည်။

ထို့အပြင် ၁၀ နှစ်ကျော်အကြာ ရပ်ရွာ၊ နေအိမ်များကို စွန့်ခွာထွက်ပြေးလာကြပြီးနောက် ၎င်းတို့ပိုင်ဆိုင်သည့် မြေ ယာများ ဆုံးရှုံးမည်ကိုလည်း နေ့စဉ်နှင့်အမျှ စိုးရိမ်နေရသည့် အခြေအနေမျိုးများလည်း ရှိနေသည်ဟု စစ်ရှောင် များက ဆိုသည်။

ယခု နေရပ်ပြန်ကြမည့် စစ်ရှောင်များသည် မြစ်ကြီးနားမြို့နယ် အတွင်းရှိ တိုင်လွမ့်ကျေးရွာ၊ ရေကြည်ကျေးရွာ၊ တာပဒေါင်းကျေးရွာ၊ ဟိုကပ်၊ တာလောကြီး နှင့် ကောင်ရာကျေးရွာတို့ အနီး ၂၀၁၁ ခုနှစ် က စပြီးတကျော့ပြန် ဖြစ်ပွားလာသည့် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားက တိုက်ပွဲများကြောင့် စစ်ရှောင် လာကြသူများ ဖြစ်ကြသည်။

အဆိုပါ စစ်ရှောင်များအတွက် ဂျပန် နီပွန်ဖောင်ဒေးရှင်းမှ စစ်ရှောင်များအတွက် အိမ်ထောင်စုတစ်စုလျှင် နေ အိမ်တစ်လုံးလှူဒါန်းပေးပြီး ကမ္ဘာ့စားနပ်ရိက္ခာ (WFP) အဖွဲ့က ၆ လစာ စားနပ်ရိက္ခာများ (သို့မဟုတ်) ငွေကြေး ကူညီမှုပေးမည်ဟု ပြောဆိုထားသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းတွင် ရွာပေါင်း ၆ ရွာက အိမ်ထောင်စု ၁၁၃ စု၊ လူဦးရေ ၅၀၀ ကျော် ရှိသည်။