ငွေလွဲဆိုင်မှ ပြန်လာသူ အလုပ်သမား လူငယ်နှစ်ဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်။
ထားဝယ်မြို့နယ်အတွင်း Wave Money ဆိုင်မှ ငွေလာထုတ်ပြီး ပြန်လာသည့် ခြံလုပ်သား လူငယ်နှစ်ဦးကို စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။
ထားဝယ်မြို့နယ် အတွင်း၊ အရှေ့တောဒေသ ပကာရီကျေးရွာတွင် Wave Money ငွေလွှဲငွေထုတ်ဆိုင်မှ ပိုက်ဆံ ထုတ်ပြီး ပြန်လာချိန် ရွာအလည်လမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တွေ့ပြီး မေလ ၂၄ ရက်နေ့က အဖမ်း ခံရခြင်းဖြစ်သည်ဟု သိရသည်။
အသက် ၄၀ အရွယ် ဒေသခံရွာသား တစ်ဦးက “အဖမ်းခံရတဲ့သူတွေက ဒီမှာလာပြီး ခြံလုပ်သား လုပ်နေတာ ကြာပါပြီ။ နိုင်ငံရေး လုပ်နေကြသူတွေ မဟုတ်ပါဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးသည် ဧရာဝတီတိုင်းဘက်မှ လာရောက်ကာ ပခပ်ကျေးရွာတွင် ခြံအလုပ်သမား အဖြစ် လုပ်ကိုင်နေကြသူများ ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ပကာရီကျေးရွာမှ ဈေးဆိုင်များနှင့် ငွေလွှဲငွေထုတ်ပြုလုပ်နေသည့် ဆိုင်များကို စစ်ကောင် စီ တပ်ဖွဲ့ဝင်များက အဓိက စစ်ဆေးမှုများ ပြုလုပ်နေပြီး Wave Money ဖုန်းနံပါတ်များမှ တဆင့် ၎င်းတို့ မသင်္ကာ သူများကို ခြေရာခံရှာဖွေမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်-ထီးခီး လမ်းမကြီးပေါ်ရှိ အရှေ့တောဒေသအတွင်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံ PDF အဖွဲ့များ မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မသင်္ကာသူများကို ဖုန်းနံပါတ်များမှ တဆင့် ခြေရာခံ ရှာဖွေနေခြင်း ဖြစ်သည်ဟု သိရသည်။
ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပကာရီကျေးရွာအတွင်း အရပ်ဝတ်များဖြင့် ကင်းလှည့်နေကာ လမ်း သွားလမ်းလာ ခရီးသည်များကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
မေလ ၁၄ ရက်နေ့ကလည်း ပကာရီ-ဆီပင်ကောက်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ပကာရီနယ်မြေခံ ရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းအဖွဲ့များက ဧပြီလ ၂၄ ရက်နေ့တွင် ဝင်ရောက်မီးရှို့တိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။