မွန်လွှတ်တော် ဥက္ကဌ ဟောင်း၏ သားဖြစ်သူကို အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်။

ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဟောင်း၏သားကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့်ထားသည်ဟု နီးစပ်သူများထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်နှင့် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဟောင်း၏ သားကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်ကောင်စီက အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

”ဖမ်းသွားတုန်းကတော့ PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားတာ အခု စစ်ကောင်စီက အကြမ်းဖက်မှု ဥပဒေပုဒ်မတပ်ပြီး အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဒေါ်တင်အိ၏ သားဖြစ်သူ ကိုသဲဟိန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က မေလ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုကဲ့သို့ အမှုဖွင့်ခံလိုက်ရခြင်း ဖြစ်သည်။

ကိုသဲဟိန်းကို သံဖြူဇရပ်မြို့ရှိနေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကိုသဲဟိန်းကို ကျိုက်မရော အကျဥ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

လွှတ်တော် ဥက္ကဌဟောင်း၏သား ကိုသဲဟိန်းသည် ရှေ့နေတစ်ဦးလည်း ဖြစ်သည်။

ကိုသဲဟိန်း၏ မိခင် ဒေါ်တင်အိသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၅ နှစ်တာ လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်း ဆောင်ခဲ့သည်။

ဒေါ်တင်အိသည် စစ်တပ်က အာဏာသိမ်းစတွင် ခေတ္တထိန်းသိမ်းခံရသော်လည်း လက်ရှိအချိန်ထိ သံဖြူဇရပ်မြို့ ရှိ သူမ၏ နေအိမ်တွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်အေးဇံ၏ သားနှင့်ဇနီး တို့ကိုလည်း ၂၀၂၂ ခုနှစ် (ယခုနှစ်)၊ ဇန္နဝါရီလက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သာမာန်ပြည်သူများအပြင် NLD ပါတီနှင့် နီးစပ်သူများ၊ ပါတီဝင်များ၊ NLD အစိုးရလက်ထက် တာဝန်ယူခဲ့သည့် အစိုးရတာဝန်ရှိသူများ၏ မိသားစုဝင်များကို ဖမ်းဆီး အရေးယူမှုများ ဆက်တိုက်ပြုလုပ်လာနေသည်။