မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်သူ ၃၀၀ ကျော်သွားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်။

မွန်ပြည်နယ်မှာ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ များပြားလာပြီး မေလတတိယအပတ်ထိ ဖြစ်ပွားသူ ၃၀၀ ကျော် ရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးကူးစက်ရောဂါကို ဇန္နဝါရီလမှစတင်ဖြစ်ပွားခဲ့ရာ ရောဂါဖြစ်ပွားသူ တဖြည်းဖြည်းများပြားလာပြီး လက်ရှိအချိန်အထိ ယခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ရှိသည်။

”သွေးလွန်တုတ်ကွေးက ဇွန်၊ ဇူလိုင်လမှာဆိုရင် ပိုပြီး အဖြစ်များလာနိုင်တယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာ ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သွေးလွန်တုတ်ကွေး ဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ပြီး ဆေးရုံ ဆေးခန်းတို့၏ စာရင်းများအရ သေဆုံးမှု မရှိသေးဘူးဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် အပြင်ဆေးခန်းများတွင်လည်း သွေးလွန်တုတ်ကွေး ဖြစ်သူ များပြားနေသည်ဟု ပြင်ပဆေးခန်းက ဆရာဝန်အချို့က အတည်ပြုပြောသည်။

”ဒီအချိန်မှာ ကလေးတွေကို ဂရုစိုက်ဖို့လိုတယ်။ နေမကောင်း ဖျားနာလာရင်လည် နီးစပ်တဲ့ ဆေးခန်း ဆေးရုံ တွေကို အမြန်သွားဖို့လိုတယ်” ဟု ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်သည် သွေးလွန်တုတ်ကွေး ဖြစ်ပွားမှု အများဆုံး မြို့နယ်ဖြစ်ပြီး ဒုတိယ အဖြစ်အများဆုံးမြို့မှာ သံဖြူဇရပ်မြို့နယ်၊ တတိယအများဆုံးသည် ကျိုက်မရောမြို့နယ်ဖြစ်သည်ဟု သိရသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ၂ နှစ် တစ်ကြိမ်၊ ၃ နှစ် တစ်ကြိမ် အဖြစ်များတတ်သည့် သဘောသဘာဝရှိပြီး ပြီးခဲ့သည့်နှစ်များက ရောဂါဖြစ်ပွားခဲ့သည့် အခြေအနေကို ကြည့်ခြင်းအားဖြင့် ယခုနှစ်တွင် ရောဂါ အဖြစ်များနိုင် သည်ဟု ပြည်နယ်အတွင်း ကျန်းမာရေးတာဝန်ရှိသူများက ခန့်မှန်းထားသည်။

မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေး ဌာနမှ ကျန်းမာရေးနှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများ၊ ခြင်နှိမ်နင်းခြင်းလုပ်ငန်းများနှင့် ပိုးလောက် လန်းသတ်ခြင်း၊ ဆေးခပ်ခြင်းလုပ်ငန်းများ ရပ်ကွက်အချို့တွင် လုပ်ဆောင်လျက်ရှိသည်။

ပြည်သူများ အနေဖြင့်လည်း မိမိတို့ နေအိမ်ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန် လည်း လိုအပ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူနှင့် ဆရာဝန်အချို့က ပြောသည်။

ဓါတ်ပုံ – ပုံဟောင်း