အင်းလေးဒေသ ကျေးရွာ အထက်တန်းကျောင်းတွင် ရာနှုန်းပြည့် ကျောင်းအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဖောင်တော်ဦးဘုရားအနီးရှိ ကျေးရွာ အထက်တန်းကျောင်းတစ်ကျောင်းတွင် ရာနှုန်းပြည့် ကျောင်းအပ်သည်ဟု ဒေသခံများက ပြောသည်။

ဖောင်တော်ဦး ဘုရား အနီးရှိ သာလေးကျေးရွာမှ အ.ထ.က (သာလေး) ကျောင်းတွင် စစ်ကောင်စီ၏ ကျောင်းအပ်နှံရေးနေ့ ဒုတိယ မြောက်ရက်ဖြစ်သည့် မေလ ၂၇ ရက်နေ့၌ပင် ကျောင်းအပ်သူ ရာနှုန်းပြည့် ရှိနေသည်ဟု သိရသည်။

ထိုကျောင်းသည် ယမန်နှစ်ကလည်း ကျောင်းသား (၆၀၀) ကျော်ရှိသည့်အနက် ကျောင်းမတက်သည့် CDM ကျောင်းသားမှာ ဆဌမတန်းမှ ကျောင်းသူ တစ်ဦးသာ ရှိခဲ့ပြီး ယခုနှစ်တွင် ယင်းကျောင်းသူမှာ ကျောင်းပြန်အပ်ပြီ ဖြစ်၍ ကျောင်းအပ်သူ ရာနှုန်းပြည့်ပြီဟု အမည်မဖော်လိုသူ Non-CDM ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ယမန်နှစ်က CDM လုပ်ထားပြီး ယခုနှစ်တွင် ကျောင်းပြန်အပ်သည့် ကျောင်းသား၏ မိခင်က “အစတုန်းကတော့ CDM လုပ်တာပေါ့လေ။ ဒါပေမယ့် ကျမတို့က ရွာဆိုတော့ ကိုယ်ပိုင်ကျောင်းတွေ သင်တန်းတွေ ထားဖို့နေရာ မရှိ ဘူး။ မြို့ပေါ်မှာ ထားဖို့ကြတော့လည်း COVID ကာလကတည်းက ဆိုင်က ပိတ်ထားရတာ ဆိုတော့ ဝင်ငွေ မရှိ ဘူး။ NUG ရဲ့ အွန်လိုင်းသင်ကြားရေး စနစ်တွေ တခြား Zoom သင်တန်းတွေလည်း ကျမတို့ဆီမှာ အင်တာ နက်လိုင်းက အဆင်မပြေဘူး။ နောက်ဆုံးတော့ မထားချင်လည်း အစိုးရကျောင်းပဲ ပြန်ထားရတာပေါ့။ မထား ရင်လည်း ကလေးက အရပ်သားစိတ် ဝင်နေပြီ။ တစ်နှစ် နစ်နာသွားတာတော့ စိတ်မကောင်းဘူး” ဟု ပြောသည်။

ဖောင်တော်ဦးဘုရားအနီးရှိ အ.ထ.က (သာလေး) ကျောင်းတွင် ယမန်နှစ်က CDM ကျောင်းသား တစ်ဦးသာ ရှိခဲ့ သည့်အပြင် CDM ပြုလုပ်သည့် ဆရာမလည်း မူလတန်းပြ တစ်ဦးသာ ရှိခဲ့သည်ဟု သိရသည်။

“ကျောင်းသားကတော့ ကျောင်းပြန်အပ်သွားပြီ။ ဆရာမကတော့ ပြန်မဝင်တော့ဘူးလို့ ပြောတယ်။ တခြား အလုပ်ပဲ ရှာတော့မယ်တဲ့” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ အစိုးရမှ ကျောင်းအပ်နှံရေးရက် အဖြစ် မေလ (၂၆) ရက်မှ ဇွန်လ (၅) ရက်နေ့ အထိ သတ်မှတ် ထားသော်လည်း အင်းလေးဒေသရှိ စာသင်ကျောင်း အချို့မှာ ယခင်ကတည်းက ဇွန်လကုန်အထိ ကျောင်းအပ် လက်ခံရသည်ဟု Non-CDM ဆရာတစ်ဦးက ပြောသည်။

အဆိုပါကျောင်းနှင့် နီးစပ်သည့် အ.ထ.က (ခွဲ) ကေလာကျောင်းမှာ ယမန်နှစ်က ဆယ်တန်းကျောင်းသား (၆၀) ကျော်ရှိသည့်အနက် ကျောင်းတက်သည့် ဦးရေ (၁၂) ဦးခန့်သာ ရှိခဲ့ပြီး CDM ဆရာ (၁၁) ဦး ရှိသည့်အပြင် ယခု နှစ်တွင်လည်း ယခင်နှစ်ကထက် ကျောင်းအပ်သူ ဦးရေ လျော့နည်းနိုင်သည်ဟု CDM ဆရာ/ဆရာမများက ခန့် မှန်းထားကြသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ပညာရေး ဝန်ထမ်းများမှာ ရှမ်းတောင်အတွင်းရှိ အခြားသော မြို့များထက် CDM ပြုလုပ်သူဦးရေ မရှိသလောက် နည်းပါးကြပြီး CDM ပြုလုပ်သည့် ဝန်ထမ်းများကိုလည်း အမျိုးသား ညီ ညွတ်ရေး အစိုးရ (NUG) နှင့် ဒေသခံများက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထောက်ပံ့ခြင်း မရှိဘူးဟု သိရ သည်။