လွိုင်ကော် ဘူတာဝန်း အတွင်း ရန်ဖြစ်သူ လူငယ်များကို စစ်ကောင်စီက ဝင်ပစ်၊ တစ်ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်။

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ တောင်ဈေးအနီးက ရထားဘူတာရုံဝန်းအတွင်း ရန်ဖြစ်နေသည့် လူငယ်များကို စစ်ကောင်စီက ဝင်ပစ်ရာမှ အနီးအနားရှိ လူငယ်တစ်ဦး ထိမှန်သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံမျာက ပြောသည်။

လွိုင်ကော်မြို့က ကြည်သာယာ ရထားဘူတာရံဝန်းထဲတွင် ရန်ဖြစ်နေသည့် လူငယ် နှစ်ဖွဲ့ကို ရပ်ကွက် အုပ်ချုပ် ရေးမှူး သတင်းပေးမှုကြောင့် ရဲနှင့် စစ်သားများက မေလ ၂၇ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ထိုသို့ ထိခိုက် သေဆုံးသွားခြင်း ဖြစ်သည်။

မျက်မြင်ကြုံခဲ့သူ တစ်ဦးက “ကျနော်က ဟိုဘက်လမ်းမှာ ဆိုင်ကယ်နဲ့ အသံကြားလို့ သွားကြည့်တာ လယ်ကွင်း ထဲမှာ လူငယ် သဘာဝ ရန်ဖြစ်နေကြတာ ဟုတ်တယ်။ အပင်အောက်မှာ နွားကျောင်းတဲ့ ဦးလေး တစ်ယောက် ရယ် ကောင်လေး နှစ်ယောက်ရယ် ထိုင်နေတာ စုစုပေါင်း (၃) ယောက်ပေါ့။ ဘယ်သူချွန်လိုက်လဲ မသိဘူး။ ရဲကား ရောက်လာတာပဲ။ မပြေးနဲ့ဆိုပြီး မိုးပေါ်ကို ထောင်ပစ်တယ် နှစ်ချက်။ ကလေးတွေက ကြောက်တော့ ပြေးကြ တာ။ အဲ့ဒါကို ကျည်အစစ်နဲ့ လှမ်းပစ်တာ ရန်ဖြစ်နေတဲ့ အုပ်စုထဲက တစ်ယောက်က ခြေထောက်မှန် တယ်။ နောက်တစ်ယောက်က အပင်အောက်မှာ နေနေတာ မဆီမဆိုင် မှန်ပြီးသေတာ” ဟု ပြောသည်။

သေဆုံးသွားသူမှာ ရန်ဖြစ်ရာတွင် ပါဝင်ခြင်း မရှိဘဲ သစ်ပင်အောက်တွင် ထိုင်နေသည့် အရပ်သား အသက် (၃၀) အရွယ် နွားကျောင်းနေသူ တစ်ဦးဖြစ်ပြီး ရန်ဖြစ်ရာတွင်ပါဝင်သူ ခြေထောက်သေနတ်ထိမှန်ဒဏ်ရာ ရရှိသွားသူ အား လွိုင်ကော်ဆေးရုံးကြီးတွင် ပို့ဆောင်ပေးထားရသည်ဟု ဒေသခံများက ပြောသည်။

“မဆိုင်ပဲ ပစ်ခံရပြီး သေသွားတဲ့လူက ကလေးအဖေပါ။ ကျနော်တို့ တစ်အိမ်ကျော်လေးပဲ နေတာ။ သူ့မိန်းမက တော့ တစ်မနက်လုံး ငိုနေတယ်” ဟု အမည်မဖော်လိုသူ အိမ်နီးချင်းတစ်ဦးက ပြောသည်။

ထို့အပြင် လူငယ် ၆ ဦးခန့်လည်း ဖမ်းဆီးခံရပြီး ကျန်သည့် လူငယ်များမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ ရဲနှင့် စစ်သားများက လူငယ်များ၏ ဆိုင်ကယ် (၃) စီးကို သိမ်းယူသွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြော သည်။

ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကြည်သာယာဘူတာရုံ၏ လယ်ကွင်းအတွင်းရှိ Mytel ဖုန်းတာဝါ တိုင် အနီးတွင် လူငယ်အယောက် (၂၀) ခန့် အုပ်စုဖွဲ့၍ ရန်ဖြစ်နေသည်ကို ရဲနှင့်စစ်သားများမှ Mark 2 အဖြူရောင် နှစ်စီး၊ အိမ်စီးကား တစ်စီးဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လို သူ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်ရပ်အပြီး မေလ ၂၈ ရက်နေ့၊ နံနက် (၈) နာရီဝန်းကျင် အချိန်ခန့်တွင် လွိုင်ကော်မြို့ တောင်ဈေး အနီး တစ်ဝိုက်တွင် စစ်ကောင်စီ တပ်သားများက ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။

ယခုရန်ဖြစ်သည့်နေရာသည် လူငယ်များ မကြာခဏချိန်းကာ ရန်ဖြစ်လေ့ရှိကြပြီး မေလ ၂၇ ရက်နေ့က ဖြစ်စဉ် တွင်လည်း လူငယ်များ ရန်ဖြစ်ပြီးနောက် အချင်းချင်း လက်ဆွဲနှုတ်ကာ လူစုခွဲပြီး ဘူတာအောက်ဘက် ဆင်း သွားချိန်တွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

စစ်တပ်က သေနတ်ကျည်အစစ်ဖြင့် ပစ်ခတ်ဖမ်းဆီးသည့်အပေါ်လည်း ဒေသခံအချို့က ဝေဖန်ပြောဆိုမှုများ ရှိနေသည်။