မန္တလေးတွင် ဆီပြတ်မှုကြောင့် ဆီဆိုင်အများအပြား ပိတ်ထားရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်။

မန္တလေးမြို့ပေါ်တွင် 92 နှင့် 95 စက်သုံးဆီများ ပြတ်လပ်ကာ Denko၊ BOC၊ မြပါဝါ၊ ရွှေတောင်တန်း၊ 360 စသည့် ဆိုင်ကြီးများပါ အရောင်းပိတ်ထား‌သည်ဟု မြို့ခံများက ပြောသည်။

မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်း အချိန်မှ စတင်၍ မန္တလေးမြို့ပေါ်တွင် စက်သုံးဆီများ ပြတ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

“မီးစက်နှိုးဖို့ မနေ့က ဖွင့်တဲ့ဆိုင်တွေ ဆီကနေ လိုက်ရှာဝယ်ခဲ့ရတာ။ ဆိုင်တစ်ဆိုင်ကို တစ်သောင်းဖိုးပဲ ရောင်း ပေးတော့ တစ်မြို့လုံး ပတ်ရှာဝယ်ရတာပေါ့ဗျာ။ တန်းစီပြီးဝယ်ရတာ ဆိုတော့ တစ်နေ့လုံးအချိန်ကုန်မှ တစ်ပုံး လောက်ရခဲ့တာပါ။ ဒီမနက်ကျ ဆိုင်တွေ ပိတ်ကြတော့ ဒုက္ခတော့များပြီပေါ့။ ဈေးတက်တာ နားလည်ပေးလို့ ရတယ်။ ဝယ်လို့မရတာ က ပိုဆိုးတာ” ဟု ရေသန့်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် တစ်ရက်လျှင် မီးပျက်ချိန် ၁၂ နာရီ သတ်မှတ်ထားသော်လည်း မီးလာချိန်တွင်လည်း လာလိုက် ပျက်လိုက် မကြာခဏဖြစ်နေ၍ စက်ပစ္စည်းသုံး၍ လုပ်ကိုင်နေရသည့် တပိုင်တနိုင်လုပ်ငန်းငယ်များမှာလည်း စက်ချို့ယွင်းပျက်ဆီးမှုများပါ ဖြစ်ပေါ်လျက်ရှိသည်ဟု ‌နီးစပ်ရာ လုပ်ငန်းရှင်များထံမှ သိရပါသည်။

စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ပြည်တွင်း စက် သုံးဆီရောင်းချသည့် ဆိုင်များသို့ တစ်လီတာဈေးနှုန်း 92 ဆီ – ၂၂၇၅ ကျပ်၊ 95 ဆီ – ၂၃၈၅ ကျပ် သတ်မှတ် ဈေးနှုန်းများ ထားရှိပေးသည်ဟုသိရသည်။

သို့သော်လည်း ဆီဆိုင်အကြီးများ ပိတ်ထား၍ အပြင်ဆိုင် လက်လီဆိုင်များတွင် စက်ဆုံးဆီ တစ်လီတာလျှင် ကျပ် ၃၃၀၀ ဝန်းကျင်ခန့်အထိ ဈေးပိုပေးပြီး ဝယ်ယူသုံးနေရသည်ဟု မန္တလေးမြို့က ဆိုင်ကယ် Taxi မောင်းသူ များက ပြောသည်။

မန္တလေးမြို့အပြင် နေပြည်တော်၊ မော်လမြိုင်မြို့တို့တွင်လည်း စက်သုံးဆီပြတ်လပ်မှုများ မကြာခဏဖြစ်ပွား လျှက်ရှိသည်ဟု မြို့ခံများက ပြောသည်။

ထိုသို့ စက်သုံးဆီပြတ်လပ်မှုများကြောင့် ပြည်တွင်း စက်သုံးဆီဆိုင်များက အရောင်းရပ်နားထားခြင်း၊ ဆိုင်ပိတ် ခြင်း၊ အကန့်အသတ်များနှင့်သာ ရောင်းချပေးခြင်း၊ စက်သုံးဆီလိုသလောက် ဝယ်ယူ၍ မရခြင်းများကြောင့် အသေးစားနှင့် အလတ်စား SME လုပ်ငန်းအချို့လည်း လည်ပတ်ရန် ခက်ခဲလာသည်ဟု လုပ်ငန်းရှင်များက ပြော ဆိုနေကြသည်။

လက်ရှိတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်အများစုက မီးစက်အားကိုး၍ လုပ်ငန်းများကို မဖြစ် ဖြစ် အောင် လည်ပတ်နေရသော်လည်း စက်သုံးဆီ လိုသလောက် ဝယ်ယူ၍ မရခြင်း၊ ‌ဈေးနှုန်းမြင့်တက်လာခြင်း တို့ ကြောင့် လုပ်ငန်းအချို့ပင် ရပ်ဆိုင်းရမည့် အခြေအနေများနှင့် ရင်ဆိုင်လာနေရသည်ဟု လုပ်ငန်းရှင် အသိုင်း အဝိုင်းထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံခြား ငွေကြေးဈေးကွက်ကို ထိန်းချုပ်လိုက်သည့် နောက် ပိုင်းတွင် စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်များအနေဖြင့် လိုသလောက် တင်သွင်းခွင့် မရတော့ဘဲ တင်သွင်းမှု နည်းပါးသွားပြီးနောက် ပြည်တွင်း စက်သုံးဆီသုံးစွဲမှုကို လုံလောက်အောင် ဖြန့်ဖြူးနိုင်ပေးနိုင်ခြင်း မရှိတော့သည့် အနေအထားမျိုး ဖြစ်နေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။