အခွန်အခများ အဓမ္မ မကောက်ရန် ဝါးခယ်မ ပြောက်ကျားအဖွဲ့ သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်။
နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပြည်သူများ အကြပ်အတည်းဖြစ်နေချိန်တွင် ဝါးခယ်မမြို့နယ်အတွင်း အခွန် အခများ အဓမ္မကောက်ခံခြင်းမပြုလုပ်ရန် ဝါးခယ်မမြို့ပြ ပြောက်ကျားတပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်သည်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေး ဘဏ်မန်နေဂျာနှင့် ကျေးရွာ စိုက်ဘဏ် တာဝန်ခံများကို အသိပေး ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
“အခုက ဘဏ်ချေးငွေ ပြန်ဆပ်ခိုင်းနေတာ။ ချေးငွေဆပ်ဖို့ မပြောနဲ့ မိုးစပါးတောင် မစိုက် နိုင်ဘူး” ဟု အသက် ၅၀ နှစ်အရွယ် ဝါးခယ်မမြို့နယ်ထဲရှိ လယ်သမားတစ်ဦးက ပြောသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ လယ်သမားများအား စိုက်ပျိုးရေးအတွက် ထုတ်ချေးပေးထားသည့် စိုက်ပျိုးစရိတ် ချေးငွေများကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများက ပြန်ဆပ်ရန် ပြောဆိုထားသည်ဟု ဒေသ အတွင်းရှိ လယ်စိုက်တောင်သူ အချို့က ပြောသည်။
ထိုကဲ့သို့ ထုတ်ချေးငွေများ ပြန်ဆပ်ခိုင်းခြင်းနှင့် အခြားအခွန်ငွေများ ကောက်ခံနေခြင်းကြောင့် ပြည်သူများ အကြပ်အတည်းဖြစ်နေချိန်တွင် အခွန်အခများ အဓမ္မကောက်ခံခြင်း မပြုလုပ်ရန် မေလ ၃၀ ရက်နေ့တွင် ဝါးခယ် မမြို့ပြ ပြောက်ကျားတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်.
အလားတူ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီတာခ ပေးဆောင်ခြင်းမရှိသည့် အိမ်များကို မီတာခ များ ပေးဆောင်ရန်နှင့် ပေးဆောင်ခြင်းမရှိသည့် အိမ်များအား မီးကြိုးများ လိုက်လံဖြတ်တောက်ခြင်းကို အင်အား သုံး၍ အတင်းအဓမ္မလုပ်ဆောင်နေသည်ဟု ဝါးခယ်မမြို့ခံများက ပြောသည်။
ဝါးခယ်မ မြို့ခံတစ်ဦးက “မီတာခ မဆောင်ပဲ တတ်နိုင်တဲ့ဘက်က တော်လှန်ရေး လုပ်ခဲ့တာ။ အခုကတော့ တောင့် ခံဖို့ ခက်နေပြီ” ဟု ပြောသည်။
ဝါးခယ်မမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ၎င်းတို့ သတိပေးချက် ထုတ်ပြန်ပြီးချိန်မှ စတင်၍ ဌာနဆိုင်ရာများ အနေ ဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန့်ကြရန်နှင့် ဆက်လက် လုပ်ဆောင်နေပါက တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဝါးခယ်မမြို့ EPC ရုံးအနီး မြို့နယ်တရားရုံးဝင်း အတွင်းရှိ ရှေ့နေများ နားနေဆောင်ကို မေလ ၃၀ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က ဝါးခယ်မမြို့ပြ ပြောက်ကျားအဖွဲ့က သတိပေးသည့်အနေဖြင့် ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း အဖွဲ့တာဝန်ရှိသူက ပြောဆိုထားသည်။