မြိတ်-ထားဝယ် လမ်းပိုင်းတွင် ကားအချို့ ပစ်ခတ်ခံရ၊ ခရီးသည် အချို့ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်။

မြိတ်-ထားဝယ်ကားလမ်းတွင် နှစ်ရက်အတွင်း ခရီးသည်တင်ကား တစ်စီးအပါအဝင် ကားအချို့ ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရသူများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ထားဝယ်-မြိတ်သွား ကားလမ်းအပိုင်းတွင် မေလ ၃၁ ရက်နေ့ညနှင့် ဇွန်လ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ယာဉ်သုံးစီး အပစ်ခံရခြင်း မှန်လုံယာဉ်မောင်း ၁ ဦး စိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့ပြီး ခရီးသည်နှစ်ဦး ရှပ်ထိဒဏ်ရာ အသီးသီးရသွားသည်ဟု မျက်မြင်တွေ့ ရှိသူများ က ပြောသည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “မှန်လုံယာဉ်မောင်းကတော့ ကျည်ထိမှန်သွားလို့ အသက်စိုးရိမ်ရ တယ်။ အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံကို ပို့ပေးလိုက်ပြီး ကျန်ခရီးသည် နှစ်ဦးက ကျည်ရှပ်ထိရုံပဲမို့ ဆေး ထည့်ပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ကြားရတယ်” ဟု ပြောသည်။

မေလ ၃၁ ရက်နေ့နေ့၊ ည ၈ နာရီ ဝန်းကျင် အချိန်ခန့်တွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် ကုန်တင် ကားတစ်စီးနှင့် မှန်လုံကားတစ်စီး၊ ဇွန်လ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် ထားဝယ်မှ မြိတ်သို့ မောင်းနှင် လာသည့် ရွှေမြိတ်အောင် ခရီးသည်တင် မှန်လုံကားတစ်စီးတို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် တားဆီးခဲ့ခြင်းသည် ဟု သိရသည်။

စစ်ဆေးဖို့ တားဆီးခဲ့ရာ ရပ်တန့်မပေးသည့် အပြင် နောက်ကြောင်း ပြန်လှည့်ပြေးသည့်အတွက် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကစယ်ဒိုကျားအဖွဲ့ မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုကြောင့် အအေးခန်းပါ မှန်လုံကားတစ်စီး တာယာပေါက်သွားခဲ့ပြီး ကုန်တင်ကားတစ်စီး ဆီတိုင်ကီ ပေါက်သွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

ထားဝယ်ခရိုင်အတွင်း ပြည်သူများအနေဖြင့် ညအချိန်ခရီးမသွားကြဖို့ သတိပေးစာများ အကြိမ်ကြိတ် ထုတ်ပြန် ထားပြီး လိုက်နာမှုမရှိခြင်းကြောင့် ယခုကဲ့သို့ သတိပေးပစ်ခတ်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း အဝေးပြေးလမ်းမကြီးတွင် ညနေ ၆ နာရီ မှ မနက် ၆ နာရီအတွင်း ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းများ လုံးဝမပြုလုပ်ကြရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက သတိပေးစာများ ထုတ်ပြန်ထားသည်ဟု ရွာသားများကပြောသည်။