ဒူးရင်းသီး ပါဆယ်ဗုံးပေါက်၊ လူနှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လူကြုံမှတဆင့် ပေးပို့လိုက်သည့် ဒူးရင်းသီး ပါဆယ်ထုပ်မှ ဗုံး ပေါက်ကွဲမှု ဖြစ်ပြီး သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စာသင်ကျောင်း အနောက်ဘက် လမ်းက ဦးမိုးဆိုသူ၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ် တက္ကစီ မောင်းနှင်သူ အမျိုးသားတစ်ဦးက ယူလာပေးသည့် ပါဆယ်ထုပ်မှ ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူ များက ပြောသည်။

အိမ်ရှေ့ပြင်ရပ်ကွက်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက “ဝုန်း ဆိုပြီးပေါက်ကွဲသံ အကျယ်ကြီး ကြားရ တယ်။ အမေက ခန္ဓာကိုယ်အောက်ပိုင်း အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ကလေးကတော့ မျက်လုံးယမ်းငွေ့စင် တဲ့ ဒဏ်ရာတွေရသွားတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ ဆိုင်ကယ်တက္ကစီမောင်း အမျိုးသားတစ်ဦးက အိမ်ရှင် ဦးမိုးအမည်ဖြင့် မိတ်ဆွေတစ်ဦးမှ ပေးခိုင်း လိုက်သည်ဟု ပြောဆိုကာ ထားခဲ့သည့် ဒူးရင်းသီးနှစ်လုံးပါသည့် ပါဆယ်ပုံးထုပ်ကို ဇနီးဖြစ်သူ ဒေါ်တင်တင်လှိုင် နှင့် ၅ နှစ် အရွယ်ခန့် ကလေးငယ်တို့က ဖွင့်ကြည့်သည့် အချိန် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည် ဟု မျက်မြင်တွေ့ရှိခဲ့ သူ တစ်ဦးက ပြောသည်။

အိမ်ရှင်ဦးမိုးဆိုသူမှာ နေအိမ်အတွင်းရှိနေသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိပဲ ၎င်းသည် လောင်း ကစားဝိုင်းဒိုင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

ထိုပေါက်ကွဲမှုကို မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့သည်ဆိုသည်ကိုမှု မည်သည့် အဖွဲ့ အစည်းကမှ သတင်းထုတ်ပြန်ကြေငြာထားခြင်းမျိုး မရှိသေးပေ။

ပေါက်ကွဲမှုဖြစ်ပြီး ခဏအကြာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းများပိတ် ကာ အနီးဝန်းကျင်ရှိ နေအိမ်များကို မေးမြန်း ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ရပ်ကွက်အတွင်း နေထိုင် သူများ က ပြောသည်။