ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော NLD ပါတီဝင်၏ မိသားစုများ ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်။

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ အတွင်းရှိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် အိမ်ရှင်၏ မိသားစု ဝင်များကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သိရသည်။

ဟိုင်းကြီးကျွန်းမြို့၊ အဆင်းချိုင်ကျေးရွာက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်၏ မိသားစုဝင်များ အဖမ်းခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပထမ မဖမ်းသေးဘူး။ နောက်မှ လက်လုပ်ဗုံးဆင်လို့ ပေါက်တာဆိုပြီး လာဖမ်းတာ။ ကိုလှထွန်း က အိမ်မှာ မရှိတော့ အဲ့နေ့က ဖမ်းမမိဘူးပေါ့” ဟု အဆင်းချိုင်ရွာသား တစ်ဦး က ပြောသည်။

အဆင်းချိုင်ကျေးရွာရှိ NLD ပါတီဝင် ဦးလှထွန်း၏ နေအိမ်တွင် ဗုံးတစ်လုံးပေါက်ကွဲပြီးနောက် မေလ ၂၉ ရက်နေ့ က ဦးလှထွန်း၏ ဇနီးနှင့် သားဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က လက်လုပ်ဗုံး ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲကာ ဇနီးဖြစ်သူ ဒေါ်ခင်ဌေးဝင်း နှင့် သားဖြစ်သူ ကိုစိုးဇေယျာပိုင်တို့အား ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အိမ်ပိုင်ရှင် ဦးလှထွန်းမှာ NLD ပါတီဝင် တစ်ဦးဖြစ်သော်လည်း ပါတီလုပ်ငန်းများ တွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လေ့ မရှိသူဖြစ်သည်ဟု NLD ပါတီ အလုပ်အမှုဆောင် အချို့က ပြော သည်။
မေလ ၂၇ ရက်နေ့ ညနေပိုင်း ဦးလှထွန်းအိမ် ဗုံးပေါက်ကွဲပြီးနောက် နှစ်ရက်ကြာမှ လက်လုပ်ဗုံး ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ဆိုကာ လာရောက် ဖမ်းဆီးခြင်း ဖြစ်ဟု ဒေသခံ အချို့က ပြောသည်။

ဦးလှထွန်းကို စစ်ကောင်စီ တပ်ဖွဲ့က သတင်းပေး ဒလန်များဖြင့် ရှာဖွေလျှက်ရှိပြီး ၎င်းတိမ်းရှောင်နိုင်ရန် ကူညီ ပေးသည့် မည်သူ့ကိုမဆို အရေးယူသွားမည်ဟု ပြောဆိုနေကြောင်း အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူ အချို့ထံမှ သိရသည်။

ဦးလှထွန်း နှင့် ၎င်း၏ မိသားစုဝင်များကို ပေါက်ကွဲမှုအက် ဥပဒေ ပုဒ်မ ၃ ဖြင့် ဟိုင်းကြီးကျွန်း နယ်မြေ ရဲစခန်းက အမှုဖွင့်ထားသည်ဟု သိရသည်။